မလေးရှား ပြည်တွင်းကလပ်အသင်းတွေဆီမှာ လာရောက် ကစားခဲ့ဖူးတဲ့ နာမည်ကျော် ဘောလုံးသမားတွေက ရှိတော့ ရှိပေမယ့် ရှားပါတယ်။ သိသလောက်ဆိုရင်တော့ လီဗာပူးလ်ရဲ့ ဆီနီဂေါ တိုက်စစ်မှူး ဒီအော့ဖ်ဟာ မလေးရှား ကလပ်အသင်း တစ်သင်းမှာ လာရောက် ကစားခဲ့ပါတယ်။ အခုတော့ မလေးရှား ထိပ်သီးကလပ်ဖြစ်တဲ့ Johor Darual Tarzim ဆီကို ရီးယဲလ် မက်ဒရစ် ကစားသမားဟောင်းဖြစ်တဲ့ ဂျီဆီ ရိုဒရီဂွက်ဇ် ပြောင်းရွှေ့လာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: The Sun

အသက် (၃၁)နှစ်အရွယ်တောင် ရှိနေပြီဖြစ်တဲ့ စပိန် တိုက်စစ်နဲ့ တောင်ပံကစားသမား ဂျီဆီဟာ ရီးယဲလ် လူငယ်အကယ်ဒမီကနေ ရီးယဲလ် စီနီယာအသင်းကြီးမှာ ကစားခွင့် ရရှိခဲ့ရင်းနဲ့ ပြိုင်ပွဲစုံ (၉၄)ပွဲထိတောင် ကစားခဲ့ရသလို (၁၈)ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရီးယဲလ်နဲ့လည်း ချန်ပီယံလိဂ်ဖလားကို (၂)ကြိမ် လာလီဂါဖလား (၁)ကြိမ် ကိုပါဒယ်ရေးဖလား (၁)ကြိမ်နဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ ၂၀၁၆မှာတော့ ဂျီဆီကို ပီအက်စ်ဂျီအသင်းဆီ ယူရို (၂၅)သန်းနဲ့ ရောက်ရှိသွားခဲ့ပါတော့တယ်။

Photo Credit: L’Equipe

ရီးယဲလ်မှာ နည်းပြအပြောင်းအလဲတွေကြောင့် ပွဲကစားခွင့် နည်းလာခဲ့တဲ့ ဂျီဆီဟာ ပီအက်စ်ဂျီဆီ ရောက်သွားတော့လည်း နေရာသစ်မှာ အထိုင်မကျ ဖြစ်ခဲ့သလို ပွဲကစားခွင့်တွေပါ ပိုပို လျော့နည်းလာရင်း လက်စ်ပါးမားစ် စတုတ်စီးတီး ဘက်တစ် စပို့တင်းအသင်းတွေဆီ အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။ နောက်ပိုင်းမှာ အကျပိုင်း ရောက်သွားခဲ့တဲ့ ဂျီဆီဟာ တူရကီကလပ် ဘရာဇီးလ်ကလပ်တွေဆီ ရောက်ရှိသွားခဲ့သလို အခုတော့ မလေးရှားရဲ့ နာမည်ကြီး ကလပ်အသင်းဖြစ်တဲ့ Johor Darual Tarzim အသင်းဆီကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit: Bola.net

Johor Darual Tarzim အသင်းဟာ လက်ရှိ မလေးရှား အမှတ်ပေးလိဂ်မှာ ဇယားထိပ်ဆုံးဆီ ရောက်ရှိနေတာဖြစ်ပြီး အခုလို ချန်ပီယံလိဂ်ဖလားပါ ရယူဖူးပြီး ရီးယဲလ်နဲ့ ပီအက်စ်ဂျီလို ဥရောပ ထိပ်တန်း ကလပ်အသင်းကြီး (၂)သင်းမှာပါ ပါဝင်ကစားခဲ့ဖူးတဲ့ ဂျီဆီ ရိုဒရီဂွက်ဇ်ကိုပါ ခေါ်ယူဖြည့်တင်းလိုက်နိုင်တာက သူတို့အသင်းအတွက် သေချာပေါက် အကျိုးရှိလာပါလိမ့်မယ်။ ဒါ့အပြင် AFC ချန်ပီယံလိဂ်ပြိုင်ပွဲလည်း ပါဝင်နေရတဲ့ အသင်း ဖြစ်တာကြောင့် ပိုပြီးတော့ကို စောင့်ကြည့်ချင်စရာ ဖြစ်နေပါလိမ့်မယ်။

Featured Photo: Bermana