မာရသွန်ပြိုင်ပွဲကတော့ ကမ္ဘာပေါ်မှာ နာမည်ကြီးကျော်ကြားတဲ့ အားကစားတစ်ခုဖြစ်ပြီး ၁၈၉၆ ခုနှစ်တွင် အိုလံပစ်အားကစားပြိုင်ပွဲ၌ စတင်ထည့်သွင်းကျင်းပခဲ့ရာမှတဆင့် လူသိများလာခဲ့တာဖြစ်ပါတယ်။ မာရသွန် ပြိုင်ပွဲသည် ၄၂.၁၉၆ ကီလိုမီတာ ကွာဝေးပြီး အားကစားသမား မြောက်မြားစွာကိုလည်း မွေးထုတ်ပေးတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။

မာရသွန် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ထို အားကစားသမား သည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်သန်မာနေဖို့လိုအပ်ပါတယ်။ ဒါမှသာ ပြိုင်ပွဲမှာ နောက်ဆုံးအချိန်အထိ ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး အနိုင်ရရှိမှာဖြစ်ပါတယ်။

မာရသွန် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရင်း နာမည်ကြီးသွားတဲ့ အပြေး အားကစားသမား များကတော့ …

Eliud Kipchoge

Photo: Business Insider

သူကတော့ တာဝေးပြေးသမားတစ်ယောက်ဖြစ်ပြီး ကန်ညာနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၇ ရက်နေ့က ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ သူသည် မီတာ ၅၀၀၀ အကွာအဝေးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲံသူဖြစ်ပြီး ၂၀၁၆ နှင့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲတါင် အနိုင်ရဗိုလ်စွဲခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူသည် ၂၀၁၈ ဘာလင် မာရသွန်ပြိုင်ပွဲတွင်လည်း ပြေးချိန် ၂ နာရီ၊ ၁ မိနစ်နှင့် ၃၉ စက္ကန့်ဖြင့် စံချိန်တင်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နောက်ထပ် စံချိန်သစ်ကိုလည်း ၂ နာရီ၊ ၁ မိနစ်၊ ၁၈ စက္ကန့်ဖြင့်ပင် စံချိန်ထပ်ချိုးနိုင်ခဲ့သူတစ်ယောက်ပါ။ မာရသွန် ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် နာမည်ကြီးတဲ့ အပြေး အားကစားသမား တစ်ယောက်ဖြစ်ပါတယ်။

သူသည် အသက် ၁၈ နှစ်အရွယ်ကတည်းက အပြေးပြိုင်ပွဲပေါင်းများစွာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ ယခုလို နာမည်ကြီးကျော်ကြားတဲ့အားကစားသမားတစ်ယေက်ဖြစ်လာတာပါ။

Haile Gebrselassie

Photo: BBC

Haile Gebrselassie ကတော့ မီတာ ၁၀၀၀၀ ပြိုင်ပွဲတွင် အနိုင်ရခဲ့တဲ့ အပြေးသမားတစ်ယောက်ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆုခူးနိုင်ခဲ့ရာမှာ နာမည်ကြီးလာခဲ့သူတစ်ယောက်ပါ။

သူသည် ၁၉၇၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် အီသိုယိုးပီးယားနိုင်ငံ၌ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူသည် ဘာလင်မာရသွန်ပြိုင်ပွဲတွင်လည်း လေးကြိမ်ဆက်တိုက် အနိုင်ရခဲ့သည်သာမကဲ ဒူဘိုင်း မာရသွန်ပြိုင်ပွဲတွင် သုံးကြိမ်ဆက်အနိုင်ရရှိခဲ့ပါတယ်။ သူသည် ယခုဆိုရင် အပြေးလောကမှ အနားယူခဲ့တဲ့ အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့နေရာကို အခြားသောအားကစားသမားများက လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြပါတယ်။

Abebe Bikila

Photo: Africa Defense Forum

Abebe Bikila ကတော့ ၁၉၃၂ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့က မွေးဖွားခဲ့သူတစ်ယောက်ဖြစ်ပြီး သူသည်လည်း အီသိုယိုးပီးယားနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ သူသည် ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က ကြွေလွှင့်သွားခဲ့ရပေမယ့် ယနေ့ထိတိုင် သမိုင်းဝင်ကျန်ရစ်ခဲ့တဲ့ အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။

သူသည် ရောမမြို့တွင် ကျင်းပတဲ့ ၁၉၆၀ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မာရသွန်ပြိုင်ပွဲတွင် ပထမဦးဆုံး ရွှေတံဆိပ်ဆုခူးနိုင်ခဲ့တဲ့ အာဖရိကန်လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ နောက်ထပ် လေးနှစ်အကြာမှာလည်း တိုကျိုမြို့တွင် ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲတွင်ပင် ဒုတိယ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ပြန်ပါတယ်။ ထိုပြိုင်ပွဲနှစ်ခုစလုံး၌ ကမ္ဘာ့စံချိန်သစ်ကို ချိုးနိုင်ခဲ့တဲ့ ကမ္ဘာ့အကျော်ကြားဆုံး မာရသွန် အပြေး အားကစားသမား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူသည် မာရသွန်ပြိုင်ပွဲပေါင်း စုစုပေါင်း ၁၆ ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

Kenenisa Bekele

Photo: Runner’s World

Kenenisa Bekele ကတော့ ၁၉၈၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အပြေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူသည်လည်း အီသီယိုးပီးယားနိုင်ငံသားတစ်ယောက်ဖြစ်ပြီး တာဝေးအပြေးသမားတစ်ယောက်အဖြစ် လူသိများပါတယ်။

သူ့ရဲ့အပြေးအားကစားသမားအဖြစ် စတင်ရပ်တည်ခဲ့တဲ့အချိန်ကတော့ ၂၀၀၁ ခုနှစ် မတ်လကတည်းကဖြစ်ပါတယ်။ ထိုအချိန်မှစ ပြိုင်ပွဲပေါင်း မြောက်မြားစွာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယနေ့ထိတိုင် ယှဉ်ပြိုင်ကစားနေသူတစ်ယောက်ဖြစ်ပါတယ်။

Frank Shorter

Photo: Los Angeles Times

Frank Shorter ကတော့ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့က ဂျာမနီနိုင်ငံ Munich မြို့တွင် ဖွားမြင်ခဲ့တဲ့ အားကစားသမားတစ်ယောက်ပါ။ သူသည် မာရသွန်ပြေးပွဲ၊ တာဝေးပြေးပွဲများတွင် အနိုင်ရဗိုလ်စွဲသူတစ်ယောက်အဖြစ် နာမည်ကြီးပါတယ်။

သူ့ဖခင်ဖြစ်သူ Samuel S. Shorter သည် အမေရိကန်တပ်တွင် တာဝန်ထမ်းဆောင်ရသူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် သူသည်လည်း နယူးယော့ခ်မြို့တွင် ကြီးပြင်းလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နယူးယော့ခ်မြို့၊ Moddletown တွင် Frank Shorter ကို ဂုဏ်ပြုသောအားဖြင့် သူ့နာမည်ပေးခဲ့တဲ့ လမ်းတစ်ခုလည်း ရှိပါသေးတယ်။

Terry Fox

Photo: Peace Arch News

Terry Fox သည် အပြေးအားကစားသမားတစ်ယောက်လည်းဖြစ်သလို ကင်ဆာရောဂါ အသိပညာပေးရာတွင်လည်း တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပါတယ်။ သူသည် ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က ဖွားမြင်ခဲ့ပြီး ၁၉၈၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

သူသည် ကင်ဆာရောဂါကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရပေမယ့်လည်း ခြေထောက်တစ်ဖက်တည်းနှင့်ပင် ပြိုင်ပွဲဝင်ခဲ့ပြီး ကင်ဆာရောဂါ သုတေသနပြုရေးအတွက်လည်း လှူဒါန်းငွေအများအပြားရရှိအောင် လုပ်ဆောင်ပေးခဲ့ပါသေးတယ်။ သူသည် အသက် ၂၂ နှစ်အရွယ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့ရပေမယ့်လည်း သူ့ရဲ့ အားထုတ်မှုကြောင့် Terry Fox Run ဆိုတဲ့ ဖောင်ဒေးရှင်းတွင် နှစ်စဉ် လှူဒါန်းမှုများ ပြုလုပ်နိုင်ခဲ့ပါတယ်။

Source: Thefamouspeople

Featured Image: Outsideonline