လီယွန်နယ် မက်ဆီ ရဲ့ ပွဲဦးထွက်ကို ကမ္ဘာကျော် စတားတွေ လာရောက် အားပေးခဲ့ကြသလို အခု အသင်းရဲ့ ပွဲထွက် ကစားသမားအဖြစ် ပထမဆုံးအကြိမ် ပါဝင်ရတဲ့ ပွဲစဉ်မှာလည်း နောက်ထပ် နာမည်ကြီး ပုဂ္ဂိုလ်တွေ ထပ်မံ အားပေးခဲ့သလို မက်ဆီကလည်း ဒီပွဲမှာလည်း သူရဲ့ စွမ်းဆောင်ရည်ကောင်းကိုပါ ဆက်ပြီး ပြသသွားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

အင်တာ မိုင်ယာမီက မက်ဆီ ဘူးစကွက်တို့ မရှိချိန်က ကစားပုံ သိပ်ကောင်းမွန်ခြင်း မရှိသလို ရလဒ်တွေလည်း အားရစရာ အနေအထားမှာလည်း ရှိမနေပဲ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် မိုင်ယာမီ ကွင်းလယ်မှာ ဘူးစကွက် တိုက်စစ်မှာ မက်ဆီတို့ ဝင်ရောက်လာချိန်မှာတော့ မက်ဆီ နဲ့ ဘူးစကွက်တို့ နားလည်းမှုတွေ အချိတ်အဆက်တွေနဲ့ မိုင်ယာမီရဲ့ ကစားပုံက ပိုကောင်းလာခဲ့ရသလို မက်ဆီဟာလည်း ဖင်လန် ကစားသမား တိုင်လာနဲ့ပါ အတွဲအဖက်တွေ မိလာခဲ့ရင်း ဒီနေ့ပွဲမှာပဲ မက်ဆီရော တိုင်လာပါ ဂိုးတွေသွင်း ဂိုးတွေ ဖန်တီးနိုင်ခဲ့ကြပါတယ်။

Photo Credit : Goal

မက်ဆီက သူရဲ့ မိုင်ယာမီ ကစားသမားဘဝ ပထမဆုံး ပွဲဦးထွက်မှာပဲ မိုင်ယာမီအတွက် နောက်ကျ ဖရီးကစ်ကနေ တိုက်ရိုက် ကန်သွင်းရင်း မက်ဆီက တာထွက်လှခဲ့သလို မိုင်ယာမီလည်း နိုင်ပွဲ ပြန်ရခဲ့ပါတယ်။ ဒီနေ့ အတ္တလန်တာ ယူနိုက်တက်လို အသင်းကောင်း တစ်သင်းကိုတောင် ပထမပိုင်းမှာပဲ (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် ဦးဆောင်နေခဲ့ပါတယ်။ မက်ဆီ က သူက fully debut ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး (၂)ဂိုး သွင်းယူရင်း သူ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ တိုင်လာအတွက် ဂိုးတစ်ဂိုး ပြန်လည် ဖန်တီးပေးသွားခဲ့ပါတယ်။ တိုင်လာလည်း ဒီပွဲမှာ မက်ဆီလို (၂)ဂိုးသွင်း (၁)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

Photo Credit : Sports Illustrated

အခုဆိုရင် မက်ဆီ ဟာ မိုင်ယာမီအသင်းအတွက် (၂)ပွဲသာ ကစားထားပြီးချိန်မှာ သွင်းဂိုး (၃)ဂိုး ဂိုးဖန်တီးမှု (၁)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး မိုင်ယာမီကိုလည်း 2023 Leagues Cup ပြိုင်ပွဲမှာပါ နောက်တစ်ဆင့် တက်လှမ်းစေခဲ့ပါတယ်။ မိုင်ယာမီကလည်း ဒီလို နိုင်ပွဲတွေ မရခင်က (၆)ပွဲဆက်တိုက်အထိကို နိုင်ပွဲ ပျောက်ဆုံးထားခဲ့ရတာ ဖြစ်တာကြောင့် အခုဆို မိုင်ယာမီ ပရိသတ်တွေ မိုင်ယာမီနဲ့ ပတ်သက်သူတိုင်းမှာ အပြုံးတွေ ဝေဆာနေရပြီ ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လဆန်းမှာတော့ မိုင်ယာမီက ရှုံးထွက် (၃၂)သင်းအဆင့်မှာ ဟူစတန် ဒိုင်နမို ဒါမှမဟုတ် အော်လန်ဒို စီးတီး တစ်သင်းသင်းနဲ့ ဆက်လက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

Featured Photo : Sky Sports