တစ်ချိန်တုန်း လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ် ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ဒန်နီ ဒရင့်ဝါးတားကတော့ အသက် (၃၃)နှစ်အရွယ်မှာပဲ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အပြီးတိုင် ကျောခိုင်းသွားခဲ့ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Sky Sports

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ ဖွားမြင်ခဲ့တဲ့ ဒရင့်ဝါးတားဟာ အသက် (၉)နှစ်အရွယ်မှာပဲ မန်ချက်စတာ ယူနိုက်တက် လူငယ် အကယ်ဒမီဆီ ရောက်ရှိရင်း သက်တမ်းအလိုက် ယူနိုက်တက် လူငယ်အသင်းမှာ ဆက်တိုက် ပါဝင်ခဲ့ရပါတယ်။ ဒါပေမယ့် ယူနိုက်တက် စီနီယာအသင်းအတွက် လုံးဝ ကစားပေးခွင့် မရရှိခဲ့ပဲ ဟတ်ဒါးဖီးလ် ကာဒစ် ဝက်ဖို့ဒ် ဘန်စလေတို့မှာ အငှားနဲ့ သွားရောက် ကျင်လည်ခဲ့ရင်း ၂၀၁၂မှာတော့ လက်စတာအသင်းဆီ အပြီးသတ် ရောက်ရှိသွားခဲ့ပါတယ်။

Photo Credit : Sky Sports

လက်စတာမှာတော့ ဒရင့်ဝါးတားက အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသခဲ့ရင်း ၂၀၁၄မှာပဲ ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ပါ ရရှိလာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီ တန်းတက်ပြီး တစ်ရာသီ အကြာမှာပဲ ဒရင့်ဝါးတာ ကန်တေ အယ်လ်ဘရိုက်တန် မာရက်ဇ် ဗာဒီတို့နဲ့ တွဲဖက်ရင်း လက်စတာကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင်ပါ အံ့အားသင့်စဖွယ် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒရင့်ဝါးတားက လက်စတာအတွက် စုစုပေါင်း (၂၁၈)ပွဲအထိ ကစားပေးနိုင်ခဲ့ပြီး ၂၀၁၃-၁၄ ဘောလုံးရာသီမှာလည်း လက်စတာရဲ့ တစ်ရာသီတည်း အကောင်းဆုံး ကစားသမားဆုပါ ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

Photo Credit : Sky Sports

၂၀၁၇ခုနှစ်မှာတော့ ဒရင့်ဝါတားက သူ့အသင်းဖော်ဟောင်း ကန်တီရှိရာ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့ပေမယ့် ချယ်လ်ဆီးမှာ ပွဲကစားခွင့်တွေ နည်းပါးခဲ့ရရင်း ဘန်လေ ဗီလာ ရက်ဒင်း နဲ့ တူရကီကလပ်တွေအထိ အငှားချခံခဲ့ရပါသေးတယ်။ ၂၀၂၂ခုနှစ် ဇွန်လမှာတော့ ချယ်လ်ဆီး နဲ့ ဒရင့်ဝါးတားတို့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီး ဒရင့်ဝါးတားဟာလည်း အသင်းလက်မဲ့ ကစားသမားပါ ဖြစ်လာခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် (၃)ပွဲ ကစားပေးထားခဲ့ဖူးတဲ့ ဒရင့်ဝါးတားဟာ အခုတော့ အသက် (၃၃)နှစ်နဲ့ပဲ မြက်ခင်းစိမ်းတွေပေါ်ကနေ ကျောခိုင်း စွန့်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ Featured Photo : Leicester City FC