ဘယ်လ်ဂျီယံ ဝါရင့် ကွင်းလယ်ကစားသမားကြီး ဖယ်လိုင်နီက တရုတ်ကလပ် ရှန်ဒေါင် တိုက်ရှန်းအသင်းကနေ သူရဲ့ စာချုပ်သက်တမ်း မတိုင်ခင် တစ်နှစ်အလိုမှာပဲ အသင်းကနေ ထွက်ခွာတော့မယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပြီးနောက်မှာ ယူနိုက်တက် အသင်းပရိသတ်တွေက ဖယ်လိုင်နီ ကို အသင်းဆီ ပြန်လာဖို့ တောင်းဆိုလာကြပါတယ်။

Photo Credit : Eurosport

အသက် (၃၅)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင်ဟောင်းကြီး ဖယ်လိုင်နီ ဟာ ၂၀၁၉ခုနှစ်ကမှ တရုတ်စူပါလိဂ် ကလပ်အသင်း ရှန်ဒေါင် တိုက်ရှန်းဆီ ရောက်ရှိနေတာဖြစ်ပြီး မကြာခင်မှာပဲ ရှန်ဒေါင်နဲ့ပါ (၅)နှစ်သက်တမ်း ပြည့်မြောက်တော့မှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖယ်လိုင်နီက ရှန်ဒေါင်အသင်းနဲ့ (၅)ရာသီမြောက်ကို ဖြတ်သန်းနေတာဖြစ်ပြီး ဒီရာသီအကုန်မှာတော့ သူရဲ့ ရှန်ဒေါင် ကစားသမားဘဝကို အဆုံးသတ်သွားတော့မယ်လို့ အင်စတာဂရမ်ပေါ်က ထုတ်ပြန်ထားခဲ့ပါတယ်။

Photo Credit : Eurosport

ဖယ်လိုင်နီဟာ မန်ယူနိုက်တက် အဲဗာတန်အသင်းတို့နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျင်လည်ခဲ့ဖူးပြီး အဲဗာတန်အတွက် ပရီးမီးယားလိဂ် (၁၄၁)ပွဲနဲ့ မန်ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် (၁၁၉)ပွဲအထိ ပါဝင် ကစားခဲ့ဖူးပါတယ်။ ဘယ်လ်ဂျီယံကလပ် စတန်းဒတ်လိဂ်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့သူ ဖယ်လိုင်နီ ဟာ ၂၀၀၈ခုနှစ်မှာပဲ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာပြီး အဲဗာတန်နဲ့ (၅)ရာသီ ဖြတ်သန်းပြီးနောက် ယူနိုက်တက် အသင်းဆီ ထပ်မံ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်မှာလည်း (၅)နှစ်ခွဲအထိ ကျင်လည်ရင်း ယူရိုပါလိဂ်ဖလား အက်ဖ်အေဖလား နဲ့ လိဂ်ဖလားတို့ပါ ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါကြောင့် မကြာခင်မှာပဲ အသင်းလက်မဲ့ ဖြစ်တော့မယ့် ဖယ်လိုင်နီကို ယူနိုက်တက် အသင်း ပရိသတ်တွေက အသင်းဆီ ပြန်လည် ပြောင်းရွှေ့လာခဲ့ဖို့ တောင်းဆိုနေကြပြီး ဒီနွေမှာ ယူနိုက်တက်က ကွင်းလယ်နေရာအတွက် မေဆန်မောင့် အမ်မရာဘတ်တို့နှစ် ခေါ်ယူထားခဲ့ပေယ်မယ့်လည်း ဖယ်လိုင်နီလိုသာ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကွင်းလယ်လူတစ်ဦးကို ခေါ်ယူနိုင်ပြန်မယ်ဆိုရင် ကစားသမား အရေအတွက် အများအပြားနဲ့ အလှည့်ကျ အသုံးပြုသွားနိုင်ကြောင်း အကြံပြုကြသလို ဖယ်လိုင်နီကလည်း ချယ်လ်ဆီး ကွင်းလယ်လူဟောင်း မေဆန်မောင့်ထက်လည်း ပိုမို ကောင်းမွန်တယ်လို့ ယူနိုက်တက် ပရိသတ်တချို့က မှတ်ချက်ပြုထားကြပါတယ်။

Featured Photo : Bleacher Report