ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ထားတဲ့ မန်စီးတီးအသင်းက နော်တင်ဟမ်ကို သရေကျခဲ့တဲ့ ပွဲစဉ် (၂၄)ကနေ စတင်ပြီး ပရီးမီးယားလိဂ်မှာ အိမ်ကွင်းရော အဝေးကွင်းပွဲပါ ဆက်တိုက် အနိုင်ရထားခဲ့ရာ အခုတော့ Amex ကွင်းထဲ ဘရိုက်တန်နဲ့ ရင်ဆိုင်ရတဲ့ ပွဲမှာတော့ အိမ်ရှင်အသင်းရဲ့ ကစားအားကြောင့် နိုင်ပွဲပါ ရပ်တန့်သွားခဲ့ရပါတယ်။

Photo Credit : Premier League Twitter

စီးတီးက နော်တင်ဟမ်ကို စီးတီးဂရောင်းကွင်းမှာ သရေကျခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ် အိမ်ကွင်း/အဝေးကွင်း (၁၂)ပွဲဆက်တိုက်အထိ နိုင်ပွဲရထားခဲ့သလို အဝေးကွင်းကိုလည်း (၅)ပွဲဆက်တိုက်အထိ နိုင်ပွဲရထားခဲ့ပါတယ်။ ဒါပေမယ့် ညက ကစားသွားခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်အသင်းဘက်က ဂိုးကန်ချက်ပေါင်း အကြိမ်ရေ (၂၀)အထိ ရရှိအောင် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့အပြင် ပထမပိုင်းရော ဒုတိယပိုင်းမှာပါ ဘရိုက်တန်ဘက်က goal attempts အသာရအောင် ကစားပြနိုင်ခဲ့ပါတယ်။

Photo Credit : Saussex Express

ပက်ပ် ဂွာဒီယိုလာရဲ့ စီးတီးအသင်းကို အခုလို goat attempts ပေါင်း အကြိမ် (၂၀)အထိ ကစားနိုင်ခဲ့တဲ့ ဘရိုက်တန်ရဲ့ ကစားအားဟာ တကယ်ကို လေးစားလောက်စရာ ဖြစ်နေရပြီး ဂွာဒီယိုလာရဲ့ ချီးကျူးမှုတွေကို ရထားတဲ့ ဘရိုက်တန်နည်းပြ ဒီဇာဘီကလည်း ဂွာကြီး အမွှမ်းတင်ထားတာနဲ့ ထိုက်တန်အောင် စွမ်းဆောင်ပြသွားခဲ့ပါတယ်။ စီးတီးကလည်း ချန်ပီယံ ဖြစ်သွားပြီ ဆိုပေမယ့် ဒီပွဲမှာ ဟာလန်း ဒီဘရိုင်းနား ဂန်ဒိုဂန် ဘာနာဒို ဆေးလ်ဗား ရိုဒရီ စတုန်းစ်တို့နဲ့ ပွဲထွက်လာခဲ့သလို ဘရိုက်တန်ကိုလည်း အသေအချာ ကစားသွားခဲ့ရာ ဒီလို ချန်ပီယံအသင်း အရန်အင်အား တောင့်တင်းလွန်းတဲ့ အသင်းမျိုးကို အကောင်းဆုံး ယှဉ်ကစားနိုင်တဲ့ ဘရိုက်တန်ရဲ့ တုံ့ပြန် ကစားပုံက တကယ်ကို ကောင်းလွန်းပါတယ်။

Photo Credit : Sky Sports

အခုဆို စီးတီးကို သရေရအောင် ကစားပြနိုင်ခဲ့တဲ့ ဘရိုက်တန်ဟာ ယူရိုပါလိဂ်ဝင်ခွင့်ပါ ထိုက်ထိုက်တန်တန်နဲ့ ရရှိသွားခဲ့ပြီဖြစ်လို့ လာမယ့် ဘောလုံးရာသီမှာ ဥရောပ စစ်မျက်နှာပြင်မှာပါ ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်ဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း ဒီရာသီ အဆင့် ရပ်တည်ချက်ဖြစ်တဲ့ အဆင့် (၆)ကနေ နောက်ရာသီ အဆင့် ဘယ်လောက်အထိ မြင့်မားအောင် လုပ်ဆောင်နိုင်မလဲ အသင်းရဲ့ ပထမဆုံးသော ဥရောပဝင်ခွင့် ရရှိချိန်မှာ ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ်ကို မျှအောင် ကစားနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။

Featured Photo : Eurosport