ရိုးမားအသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ပေါ်လို ဒီဘားလား ကတော့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ကတ်ဆီယာအသင်းကနေ ကမ်းလှမ်းလာခဲ့တဲ့ လုပ်ခလစာ ယူရို (၇၅)သန်း ကမ်းလှမ်းမှုကြီးကို မက်မောနေခြင်းမရှိပဲ ငြင်းဆန်ပယ်ချခဲ့ပြီး လက်ရှိကလပ် ရိုးမားအသင်းမှာသာ ဆက်ရှိနေသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Transfermarket

အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ ဒီဘားလား ဟာ ၂၀၁၂ခုနှစ်ကနေ စတင်ပြီး အီတလီ ဘောလုံးလောကမှာ ကျင်လည်ခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းကတော့ ပါလာမိုအသင်းမှာ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ ပါလာမိုအသင်းနဲ့ (၃)ရာသီအထိ ဖြတ်သန်းပြီးချိန်မှာ သူ့ကို စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းက ခေါ်ယူခဲ့ပြီး ဒီဘားလားက ဂျုဗင်တပ်စ်မှာတော့ ဘောလုံးရာသီပေါင်း (၇)ရာသီအထိ ပါဝင်ကစားခဲ့ပါတယ်။ ဂျုဗင်တပ်စ်နဲ့အတူ အီတလီပြည်တွင်း ဆုဖလားတွေအားလုံး သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ ဒီဘားလားဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်ထိပါ တက်လှမ်းနိုင်ခဲ့ပါသေးတယ်။

Photo Credit: Transfer News Central

၂၀၂၂မှာတော့ ဂျုဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ဒီဘားလားက သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းပေါင်းများစွာထဲကမှ ရိုးမားအသင်းဆီ ပြောင်းရွှေ့ဖို့ကို ဆုံးဖြတ်ခဲ့ပါတယ်။ အီတလီမှာပဲ ဆက်လက် ကျင်လည်ခဲ့တဲ့ ဒီဘားလားဟာ ရိုးမားအသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်နေခဲ့ပြီး အသင်းအတွက်လည်း (၂)ရာသီ ကစားပြီးထားချိန်မှာ သွင်းဂိုးပေါင်း (၃၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ ယူရို (၁၂)သန်းတန် စာချုပ်ဖျက်သိမ်းကြေးကြောင့် အနာဂတ် အခြေအနေက မကြာခဏ လှုပ်ခတ်ခဲ့ရပြီး ဒီ release clause သက်တမ်းကုန်သွားချိန်မှာပဲ ဆော်ဒီကလပ် အယ်လ်ကတ်ဆီယာနဲ့ အပြောင်းအရွှေ့သတင်းတွေ အဆက်မပြတ် ပေါ်ထွက်လာပါတော့တယ်။

Photo Credit: ESPN

ကနဦးပိုင်းလောက်က ထွက်ပေါ်နေတဲ့ သတင်းတွေမှာတော့ ဒီဘားလားဟာ အယ်လ်ကတ်ဆီယာအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဆိုပြီး သတင်းထွက်ခဲ့ ပေမယ့်လည်း မနေ့ညကမှ ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ ဒီဘားလားဟာ (၃)နှစ်စာ လုပ်ခလစာဖြစ်တဲ့ ယူရို (၇၅)သန်းတန် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ရိုးမားအသင်းမှာသာ ဆက်ရှိနေဖို့ကိုပဲ ရွေးချယ်ခဲ့တယ်လို့ ဖော်ပြလာပြန်ပါတယ်။ တကယ်လို့ ရိုးမားဘက်ကလည်း ဒီဘားလား ကို ဒီတစ်ရာသီ အသင်းမှာပဲ ဆက်ထားမယ်ဆိုရင်တော့ စာချုပ်သက်တမ်းတိုးဖို့ပါ လိုအပ်နေပြီး သက်တမ်းမတိုးဖြစ်ဘူးဆိုရင် လာမယ့်နွေမှာ အသင်းကနေ အလွတ်နဲ့ လက်လွတ်သွားရပါလိမ့်မယ်။

Featured Photo: Transfermarket