ရီးယဲလ် မက်ဒရစ်အသင်းဟာ အခု နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ တိုက်စစ်ပိုင်းအတွက် ကီလီယန် အမ်ဘာပေလို အနာဂတ်ရဲ့ ဘာလွန်းဒေါဆုရှင် အလျောင်းအလာ ထိပ်တန်း ကစားသမားတစ်ဦးရယ် အသက် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘရာဇီးလ် လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားရတဲ့ လူငယ်ကြယ်ပွင့်လေး အန်းဒရစ်ရယ်ကို ခေါ်ယူထားနိုင်ခဲ့လို့ အရမ်းကို အားရစရာကောင်းတယ်လို့ ပြောရမှာပါ။

Photo Credit: Telemundo Deporte

ဗင်နီစီယပ်စ် ရိုဒရီဂို ဘယ်လင်ဟမ် အာဒါဂူလာ ဘရာဟင်ဒီးယက်ဇ်တို့လို ထိပ်တန်းအဆင့် တိုက်စစ်အစုအဖွဲ့ထဲကို ဘာပေနဲ့ အန်းဒရစ်တို့ပါ ထပ်မံ ပေါင်းထည့်လိုက်တဲ့ ရီးယဲလ် အသင်းရဲ့ တိုက်စစ်အင်အားစုက ပြိုင်ဘက်ခံစစ်တိုင်းအတွက် အိမ်မက်ဆိုးတစ်ခု ဖြစ်လာတော့မှာ သေချာနေပါတယ်။ ဗင်နီစီယပ်စ် ဘာပေ ရိုဒရီဂို ဘယ်လင်ဟမ်တို့ရဲ့ attacking zone က လာမယ့်ရာသီမှာ သွင်းဂိုးတွေ လှိုင်လှိုင် ရရှိသွားဖို့က သေချာနေပေမယ့် ခံစစ်ပိုင်းအတွက်ကိုတော့ ပြင်ဆင်မှု အနည်းငယ်လောက် လုပ်ဆောင်သွားဖို့ ရှိနေပြန်ပါတယ်။

Photo Credit: Transfermarket

ရီးယဲလ်အသင်းက ဒီနွေမှာ ဝါရင့် ကွင်းလယ်လူ တိုနီ ကရူးစ်နဲ့ ဝါရင့် နောက်ခံလူ နာချို ဖာနန်ဒက်ဇ်တို့ကို လက်လွတ်ထားခဲ့ရပြီး ကရူးစ်နေရာအတွက် ကွင်းလယ်ကစားသမား အများအပြား ရှိနေပေမယ့်လည်း ခံစစ်မှာကတော့ ရူဒီဂါ မီလီတာအိုနဲ့ အလာဘာတို့သာ ရှိနေသလို အလာဘာကလည်း ACL Injury ကြောင့် ကာလအတန်ကြာ အနားယူရဦးမှာဖြစ်လို့ ဗဟိုခံစစ်ကစားသမားတစ်ဦးက မဖြစ်မနေ လိုအပ်လာခဲ့ပါတယ်။ ဒီအတွက် ရီးယဲလ် က လိုင်လီ ခံစစ်မှူးလေး လန်နီ ရိုယိုကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း မန်ယူနိုက်တက်က လက်ဦးသွားခဲ့တာကြောင့် စပိန် ခံစစ်ကစားသမားလေး လာပေါ့တ်ကိုသာ ချိန်ရွယ်လာခဲ့ပါတယ်။

Photo Credit: The Sun

အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ မန်စီးတီး ကစားသမားဟောင်း လာပေါ့တ်ဟာ မနှစ်ကတည်းက ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ ရောက်ရှိနေခဲ့တာ ဖြစ်ပေမယ့် ယူရို-၂၀၂၄အတွက် စပိန်အသင်းရဲ့ ကစားသမားစာရင်းမှာ ရွေးချယ်ခံခဲ့ရတဲ့အပြင် စပိန်အတွက်လည်း ယူရို-၂၀၂၄ ပွဲစဉ်တွေကို ပွဲထွက်ကစားသမားအဖြစ် တောက်လျှောက် ပါဝင်ကစားခဲ့ရင်း ချန်ီယံဆုကြီးကိုပါ ရယူနိုင်ခဲ့ပါတယ်။ ဒီလို ခံစစ်အရည်အသွေးကောင်းတွေ ပြသနေဆဲဖြစ်တဲ့ လာပေါ့တ်ကို လာလီဂါ အင်အားကြီးကလပ် ရီးယဲလ် က ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပြီး လာပေါ့တ်ကိုယ်တိုင်ကလည်း အယ်လ်နာဆာမှာ လစာတွေ တပုံတပင် ရရှိနေသည့်တိုင် ဥရောပဆီသာ ပြန်သွားချင်နေပါတယ်။

Featured Photo: Manchester City News