ဇွန် (၁၄)ရက်နေ့ကနေ စတင် ကျင်းပလိုက်တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကြီးဟာ ဆိုရင်တော့ဖြင့် ရှုံးထွက် (၁၆)သင်းအဆင့်ထိကို ရောက်ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ရှုံးရင်ထွက် နိုင်ရင်တော့ နောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်မယ့် ပွဲစဉ်တွေ ဖြစ်တာကြောင့် အုပ်စုပွဲတွေထက် ပိုပြီး ကြည့်ကောင်းမှာ သေချာနေသလို အုပ်စုပွဲတွေမှာ ခြေစွမ်းပိုင်း အားရအောင် မကစားထားနိုင်ခဲ့တဲ့ အသင်းတွေဟာလည်း အခု ရှုံးထွက်အဆင့်မှာ ပိုပြီးတော့ မီးကုန်ယမ်းကုန် ကစားလာနိုင်ပါတယ်။

Photo Credit: Opta Analyst

အခုနှစ်ရဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အုပ်စုအဆင့်နဲ့ပဲ အံ့အားသင့်ဖွယ် လှည့်ပြန်ခဲ့ရတဲ့ အသင်းဆိုလို့ ခရိုအေးရှား ယူကရိန်းနဲ့ ချက်တို့လောက်ပဲ ရှိပါလိမ့်မယ်။ ကျန်တဲ့ အုပ်စုတက်မယ့် ထင်ထားခဲ့ရတဲ့ အသင်းတွေ အားလုံးနီးပါး အုပ်စုအဆင့်ကနေ ရှုံးထွက်တွေဆီ တက်လှမ်းခဲ့သလို ဘယ်လိုမှ မထင်ထားရတဲ့ အသင်းတွေလည်း ရှုံးထွက်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ ရှုံးထွက်အဆင့်မှာတော့ စပိန် နဲ့ ဂျော်ဂျီယာ ၊ ဂျာမနီ နဲ့ ဒိန်းမတ် ၊ ပေါ်တူဂီ နဲ့ ဆလိုဗေးနီးယား ၊ ပြင်သစ် နဲ့ ဘယ်လ်ဂျီယံ ၊ ရိုမေးနီးယား နဲ့ နယ်သာလန် ၊ သြစတြီးယား နဲ့ တူရကီ ၊ အင်္ဂလန် နဲ့ ဆလိုဗက်ကီးယား ၊ ဆွစ်ဇာလန် နဲ့ အီတလီတို့ပွဲတွေ ပါဝင်နေပါတယ်။ ဒီကနေ့ညမှာတော့ ဆွစ်ဇာလန် နဲ့ အီတလီ ၊ ဂျာမနီ နဲ့ ဒိန်းမတ်တို့ပွဲတွေ စတင် ယှဉ်ပြိုင်စေမှာပဲ ဖြစ်ပါတယ်။

Photo Credit: Visit Birmingham

စိတ်ဝင်စားစရာကောင်းတဲ့ နောက်တစ်ခုကတော့ ရှုံးထွက် (၁၆)သင်းအဆင့်ကနေ ကွာတား ဆီမီးနဲ့ ဖိုင်နယ်တွေအထိ လမ်းကြောင်းတွေက တစ်ခါတည်း မြင်သာပြီးသား ဖြစ်နေတာကြောင့် ဘယ်အသင်းနှစ်သင်း ဖိုင်နယ်မှာ တွေ့ဆုံနိုင်တယ်ဆိုတာကိုပါ ကြိုတင် တွက်ဆကြည့်နိုင်ပါတယ်။ ဒါပေမယ့် ယူရိုပြိုင်ပွဲဆိုတာက ကမ္ဘာ့ဖလားပြိုင်ပွဲထက် ပိုပြီး မှန်းဆရခက်ပါတယ်။ ဘယ်လိုမှ မထင်ထားတဲ့ အသင်းတွေဟာလည်း ယူရိုချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ သာဓကတွေကလည်း များစွာ ရှိခဲ့ဖူးပါသေးတယ်။

Photo Credit: Goal

ဒါကြောင့် အခု ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်တွေမှာ နာမည်ကြီးအသင်း အများစုပဲ ကွာတားဖိုင်နယ်ဆီ တက်လှမ်းသွားမလား ဒါမှမဟုတ် အုပ်စုအဆင့်မှာကတည်းက မထင်ထားတာတွေ လုပ်ပြနေတဲ့ အသင်းတွေကပဲ နောက်ထပ် မထင်မှတ်တာတွေ လုပ်ပြရင်း ကွာတားဆီ ရောက်သွားမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်လိုက်ရအောင်ဗျာ။

Featured Photo: Opta Analyst