ရိုမေးနီးယား နဲ့ ဂျော်ဂျီယာ နိုင်ငံတွေမှာ ပူးပေါင်းပြီး အိမ်ရှင်အဖြစ် လက်ခံ ကျင်ပတဲ့ ၂၀၂၃ခုနှစ် ယူ-၂၁ ယူရိုပြိုင်ပွဲမှာ အင်္ဂလန် ယူ-၂၁ အသင်းက ပြိုင်ပွဲတစ်လျှောက် လုံးဝ ပေးဂိုးမရှိ ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့အတူ ၁၉၈၄ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Twitter

၂၀၂၂-၂၀၂၃ ဘောလုံးရာသီအပြီးမှာ ကျင်းပတဲ့ ပြိုင်ပွဲတစ်ခုဖြစ်လို့ တချို့ ထိပ်တန်း ကစားသမားလေးတွေ ပါဝင်နိုင်ခြင်း မရှိပေမယ့်လည်း အင်္ဂလန် ယူ-၂၁ အသင်းမှာတော့ ဘောလုံး ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ပရီးမီးယားလိဂ် ကစားသမာလေးများ အမြောက်အများ ပါဝင်လာခဲ့ပါတယ်။ ကာတစ်ဂျုံးစ် ၊ စမစ်ရိုး ၊ အန်တိုနီ ဂေါ်ဒွန် ၊ ပါလ်မာ ၊ မော်ဂန် ဂဘ်စ်ဝှိုက် ၊ ကော့ဝဲလ် အစရှိတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂလန် ယူ-၂၁ အသင်းဟာ ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဂျာမနီ အစ္စရေးလ် ချက်တို့ တစ်အုပ်စုတည်း ကျရောက်ကာ အုပ်စုပွဲအားလုံး ရာနှုန်းပြည့် နိုင်ပွဲရရှိပြီး အုပ်စုဗိုလ်နဲ့ ရှုံးထွက် တက်လှမ်းခဲ့ပါတယ်။

Photo Credit : Twitter

ကွာတားမှာ ပေါ်တူဂီ ဆီမီးမှာ အစ္စရေးလ်တို့ကိုပါ ထပ်မံ ကျော်ဖြတ်ပြီး ဖိုင်နယ်မှာလည်း စပိန်ကို အနိုင်ရရှိခဲ့တဲ့ အင်္ဂလန် ယူ-၂၁ အသင်းဟာ ယူ-၂၁ ယူရိုပြိုင်ပွဲမှာ တတိယအကြိမ် ချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။ အခု ပြိုင်ပွဲမှာ အင်္ဂလန်အတွက် ကစားသမား အများအပြား ခြေစွမ်းပြခဲ့သလို ဂိုးသမားနေရာမှာ ပါဝင်ခဲ့သူ အသက် (၂၀)အရွယ် မန်စီးတီး ဂိုးသမားလေး ဂျိမ်းစ် ထရက်ဖို့ဒ်ဟာလည်း အသင်းအတွက် စပယ်ရှယ် လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါသေးတယ်။

Photo Credit : Twitter

ထရက်ဖို့ဒ်က မန်စီးတီး အကယ်ဒမီထွက် ဂိုးသမားလေး ဖြစ်ပေမယ့် လက်ရှိ အချိန်ထိ စီးတီး စီနီယာအတွက် တစ်ပွဲတစ်လေမှ မကစားထားရသေးပဲ အက်ကရင်သန် နဲ့ ဘော်လ်တန်တို့မှာသာ အငှားနဲ့ ထွက်ကစားခဲ့ရပြီး လာမယ့် ရာသီမှာတော့ ဘန်လေအသင်းဆီ ပေါင် (၁၉)သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့တော့မှာလည်း ဖြစ်ပါတယ်။ ဒီဂိုးသမားလေးက အခု ပြိုင်ပွဲတစ်လျှောက် (၆)ပွဲကစားခဲ့ရာ (၆)ပွဲလုံး clean sheets ရယူနိုင်ခဲ့သလို စပိန် နဲ့ ဖိုင်နယ်ပွဲမှာလည်း ပွဲပြီးခါနီး ပင်နယ်တီ ကန်ချက် နဲ့ ထပ်ဆင့် ကန်ချက်ကို မယုံနိုင်စရာ ကောင်းလောက်အောင် double saves လုပ်ဆောင်ကာ အသင်းကို ချန်ပီယံ ဖြစ်စေခဲ့ပါတယ်။

Featured Photo : Twitter