ဟာရီကိန်း ဆွန်ဟောင်မင် ကူလူဆက်ဗ်စကီးတို့လို ကစားသမားကောင်းတွေ ရှိနေတဲ့ တိုက်စစ်ပိုင်းအတွက် ရစ်ချာလီဆန် လို ဆမ်ဘာကြယ်ပွင့် တစ်ဦးကို ပြောင်းရွှေ့ကြေး ပေါင် သန်း(၆၀)နဲ့ ခေါ်ယူ အားဖြည့်လိုက်ခြင်းဟာ စပါးအသင်းအတွက် အားရစရာ ဖြည့်တင်းမှုလို့ ယူဆမိခဲ့ပါသေးတယ်။

Photo Credit : Sportsnet

ရစ်ချာလီဆန် ဆိုတာ ၂၀၁၇ခုနှစ်ကတည်းက ဝက်ဖို့ဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ကို စတင် ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာပဲ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့လို့ ကလပ်အသင်း များစွာ သတိထားလာခဲ့ရင်းနဲ့ နောက်တစ်ရာသီမှာပဲ အဲဗာတန်က ပြောင်းရွှေ့ကြေး ပေါင် (၃၅)သန်းနဲ့ပါ ခေါ်ယူသွားခဲ့ပါတယ်။ အဲဗာတန်မှာတော့ အဓိက ကစားသမားအဖြစ် ကစားနိုင်ခဲ့တဲ့ ရစ်ချာလီဆန်ဟာ အဲဗာတန်အတွက် (၄)ရာသီ ဖြတ်သန်းခဲ့ပြီးနောက် အခုရာသီမှာပဲ စပါးအသင်းဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။

Photo Credit : Marca

အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း စပါး တိုက်စစ်အစုအဖွဲ့ထဲဆီကို ရစ်ချာလီဆန် လို ပရီးမီးယားလိဂ်မှာ (၅)ရာသီအထိ ကျင်လည်ထားဖူးတဲ့ ကစားသမားတစ်ယောက် ထပ်မံ ရောက်လာတာက စပါးအတွက် တကယ်ကို အကျိုးရှိတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ရပေမယ့် တကယ်တမ်းကျတော့ flop သွားခဲ့တယ်လို့ပဲ သတ်မှတ်ရမှာပါ။ စပါးအတွက် သူရဲ့ ပထမဆုံး ပွဲဦးထွက်နှစ်တဲ့ ရာသီမှာပဲ ပရီးမီးယားလိဂ် သွင်းဂိုး (၁)ဂိုးသာ ရှိထားခဲ့ရသလို ပြိုင်ပွဲစုံ (၃၅)ပွဲမှာလည်း (၃)ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ကစားသမားဘဝရဲ့ ပထမဆုံး ချန်ပီယံလိဂ် တာထွက်မှာပဲ ချန်ပီယံလိဂ် သွင်းဂိုး (၂)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့တဲ့ ရစ်ချာလီဆန်ဟာ ပရီးမီးယားလိဂ်မှာတော့ ကံမကောင်း အကြောင်းမလှပဲ သူ သွင်းလိုက်သမျှ ဂိုးတွေက VAR နဲ့ ပြန်လည် ပယ်ဖျက်ခံခဲ့ရသလို ဒီရာသီ သူရဲ့ ပထမဆုံးနဲ့ တစ်လုံးတည်းသော ပရီးမီးယားလိဂ်ဂိုးကိုလည်း ပွဲစဉ် (၃၄)မှသာ သွင်းယူနိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒဏ်ရာ ပြသာနာ တချို့နဲ့ နည်းပြရဲ့ နေရာမပေးမှုတွေကြောင့် ပွဲကစားခွင့် သိပ်မရခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ပွဲစဉ်(၃၈)ပွဲမှာ (၂၇)ပွဲအထိ ကစားခွင့် ရခဲ့တာဖြစ်လို့ ရစ်ချာလီဆန် အနေနဲ့ ဒီထက်မကတော့ ဂိုးသွင်းယူနိုင်တယ်လို့ ထင်မိပါတယ်။

Featured Photo : The Athletic