ရေကူးခြင်းသည် ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြား ပေးစွမ်းပါတယ်။ ခန္ဓာကိုယ် အမောအပန်းခံနိုင်ခြင်း၊ သက်လုံကောင်းခြင်း၊ ကြွက်သားများ သန်မာခြင်း၊ ကိုယ်အလေးချိန် ကျစ်လျစ်ခြင်း၊ နှလုံးနှင့် အဆုတ်ကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း အစရှိတဲ့ အကျိုးကျေးဇူးများပဲ ဖြစ်ပါတယ်။ ရေကူး အားကစားကို နှစ်သက်တဲ့ ကွီး တို့လည်း ရေကူးချန်ပီယံ များ နည်းတူ ကျွမ်းကျင်စွာ ရေကူးတတ်ချင်ကြမှာပဲဖြစ်ပါတယ်။

ကမ္ဘာ့အတော်ဆုံး ရေကူးချန်ပီယံများသည် နှစ်ရှည်လများ ကြာသည်အထိ ရေကူးလေ့ကျင့်ခဲ့ကြလို့သာ အတော်ဆုံးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

၂၀၂၁ အိုလံပစ်အားကစားပြိုင်ပွဲရလဒ်အတွက် ကမ္ဘာ့အတော်ဆုံးရေကူးချန်ပီယံများ အလျိုလျိုထွက်ပေါ်လာကြပါတယ်။ ၂၀၂၃ အထိ အိုလံပစ်ပြိုင်ပွဲများ ဆက်လက်ကျင်းပဦးမှာ မဟုတ်တဲ့အတွက်ကြောင့် အခုဖော်ပြမယ့် ရေကူးချန်ပီယံများသည် လတ်တလောအထိ အတော်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ ရေကူးချန်ပီယံများပဲဖြစ်ကြပါတယ်။

Caeleb Dressel – USA

Source: Swimming World

နာမည်အပြည့်အစုံကတော့ Caeleb Remel Dressel ဖြစ်ပြီး ကမ္ဘာ့အတော်ဆုံး နံပါတ် (၁) ရေကူးအားကစားသမားပဲဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့က ဖလော်ရီဒါပြည်နယ်တွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ရေကူးအရည်အချင်းသည် ငယ်စဉ်ကတည်းက ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။ သူသည် ငယ်ရွယ်စဉ်ကတည်းက ဆယ်ကျော်သက် လူငယ်ရေကူးပြိုင်ပွဲများ ဝင်ပြိုင်ကာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ကတည်းက ပြိုင်ပွဲပေါင်းများစွာ ယှဉ်ပြိုင်ကစားခဲ့ပြီး ၂၀၂၁ အိုလံပစ်ပြိုင်ပွဲတွင်လည်း အနိုင်ရဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

Adam Peaty – Great Britain

Source: Swimming World

Adam Peaty ကတော့ အင်္ဂလိပ်လူမျိုး ရေကူးကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၆ နွေရာသီ အိုလံပစ်ပြိုင်ပွဲတုန်းက မီတာ ၁၀၀ ရေကူးပြိုင်ပွဲတွင် ဖားကူးဖြင့် ရေကူးခဲ့ပြီး ရွှေတံဆိပ်ရရှိခဲ့တာဖြစ်ပါတယ်။ သူသည် ရေကူးနည်းများထဲတွင် ဖားကူးနည်းကို အဓိကကူးခတ်သူတစ်ယောက်ဖြစ်ပါတယ်။

သူကတော့ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ ၁၉၉၄ ခုနှစ်တွင် Uttxeter မြို့၊ United Kingdom တွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။

Evgeny Rylov – Russia

Photo: Swimming World

Evgeny Rylov ကတော့ ရုရှားရေကူးချန်ပီယံတစ်ယောက်ဖြစ်ပြီး ၂၀၁၄ ခုနှစ် နွေရာသီ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ဆု ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့အရပ်ကတော့ ၁.၈၅ မီတာ မြင့်ပါတယ်။

Robert Finke – USA

Photo: Swimming World

Robert သည် အမေရိကန်လူမျိုး ရေကူးချန်ပီယံတစ်ယောက်ဖြစ်ပြီး ၂၀၂၀ နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် မီတာ ၈၀၀ ရေကူးပြိုင်ပွဲနှင့် မီတာ ၁၅၀၀ အလွတ်ရေကူးပြိုင်ပွဲ နှစ်ခုစလုံး၌ ရွှေတံဆိပ်နှစ်ဆု ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ သူ့သူငယ်ချင်းများကတော့ သူ့ကို Bobby လို့ နာမည်ပြောင် ခေါ်တွင်ကြတာဖြစ်ပါတယ်။

သူ့ကိုတော့ ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က ဖလော်ရီဒါမြို့နယ်၊ အမေရိကန်ပြည်ထောင်စု၌ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။

Kristof Milak – Hungary

သူကတော့ ဟန်ဂေရီကစားသမားတစ်ယောက်ဖြစ်ပြီး မီတာ ၂၀၀ နှင့် မီတာ ၁၀၀ ရေကူးပြိုင်ပွဲတို့တွင် လိပ်ပြာကူးနည်းဖြင့် နာမည်ကြီးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မီတာ ၅၀ ပြိုင်ပွဲတွင်လည်း ပက်လက်ကူးနည်းဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

သူ့ကိုတော့ ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဘူဒါပတ်မြို့၊ ဟန်ဂေရီတွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့အရပ်ကတော့ ၁.၉ မီတာ ရှည်ပါတယ်။

Daiya Seto – Japan

ရေကူး အားကစားလောကတွင် ကွီး တို့အားလုံး စိတ်ဝင်စားကြတဲ့ နံပါတ် (၆) အတော်ဆုံး ရေကူးချန်ပီယံ ကတော့ ဂျပန်လူမျိုး Daiya Seto ပဲဖြစ်ပါတယ်။ သူသည် လိပ်ပြာကူးပြိုင်ပွဲ၊ ဖားကူးနှင့် အလွတ်ကူးနည်း ပြိုင်ပွဲများအားလုံးတွင် ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူးရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူ့ကိုတော့ ၁၉၉၄ ခုနှစ်၊ မေလ၊ ၂၄ ရက်နေ့က ဂျပန်နိုင်ငံတွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့အရပ်ကတော့ ၁.၇၄ မီတာ ရှည်လျားပါတယ်။

Kliment Kolesnikox – Russia

သူ့ရဲ့နာမည်အပြည့်အစုံကတော့ Kliment Andreyevich Kolesnikov ဖြစ်ပြီး ရုရှားလူမျိုးရေကူးချန်ပီယံတစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတော့ ၂၀၀၀ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့ ၌ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူကတော့ ဖားကူးနည်းနှင့် အလွတ်ကူးနည်းတို့ဖြင့် နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။

Ryan Murphy – USA

ကမ္ဘာ့အတော်ဆုံး ရေကူးချန်ပီယံအဖြစ် နံပါတ် (၈) နေရာမှာ ရပ်တည်နေတာကတော့ Ryan Murphy ဖစ်ပြီး သူသည် အိုလံပစ် ရွှေတံဆိပ်ဆုကို လေးကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၉၅ ခုနှစ်၊ ဖူလိုင်လ ၂ ရက်နေ့က အမေရိကန်ပြည်ထောင်စု အီလီနွိုက်တွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။

Kyle Chalmers – Australia

ကမ္ဘာ့အတော်ဆုံး နံပါတ် (၉) ရေကူးချန်ပီယံကတော့ သြစတေးလျလူမျိုး Kyle Chalmers ပဲဖြစ်ပါတယ်။ သူသည် ၁၉၉၈ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့တာဖြစ်ပြီး သူ့အရပ်ကတော့ ၁.၉၄ မီတာရှည်လျားပါတယ်။

ရေကူး ခြင်းကို နှစ်သက်တဲ့ ကွီး တို့ရော အခုဖော်ပြပေးခဲ့တဲ့ ရေကူးချန်ပီယံ များထဲက ဘယ်သူ့ကို အားပေးခဲ့ဖူးပါသလဲ။

Source: Swimswam

Featured Image: Sportshubnet