အမေရိကန်နိုင်ငံ နယူးဂျာစီ အရှေ့ရာသာဖို့ဒ်မှာရှိတဲ့ MetLife ကွင်းကြီးထဲမှာ ကျင်းပသွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း နဲ့ အာဆင်နယ် အသင်းတို့ရဲ့ ရာသီကြို ခြေစမ်းပွဲမှာ မန်ယူနိုက်တက်က ပွဲအတွင်းမှာ (2-0) နဲ့ အနိုင်ရခဲ့သလို ပွဲအပြီး ပင်နယ်တီပါ ထပ်မံ ကန်သွင်းခိုင်းရာမှာ ပင်နယ်တီမှာလည်း ယူနိုက်တက်ကပဲ (5-3) နဲ့ ထပ်မံ အနိုင်ရကာ ရွှေကျေး နှစ်ခါနာသွားခဲ့ရပါတယ်။

Photo Credit : Man Utd & Arsenal Twitter

ဒီပွဲမှာ အာဆင်နယ် က ရိုက်စ် ဟာဗက်ဇ် တင်းဘားတို့ကို ဆာခါ မာတင်နယ်လီ အိုဒီဂတ် ဆာလီဘာ ဂါဘရီရယ် ရမ်းစ်ဒဲလ်တို့လို အဓိက ကစားသမားတွေနဲ့ တွဲဖက် အသုံးပြုသွားခဲ့ပြီး ယူနိုက်တက်ကတော့ မေဆန်မောင့်ကို ဆန်ချို ဖာနန်ဒက်စ် အန်တိုနီ ဂနာချို မာတီနက်ဇ် ရှော ဗာရန်း ဘစ်ဆာခါတို့နဲ့ အသုံးပြုသွားခဲ့ပါတယ်။ ဂိုးသမားသစ် အိုနာနာ မပါဝင်နိုင်သေးလို့ ဟီတန်ကိုပဲ ပွဲချိန်ပြည့် အသုံးပြုခဲ့ပြီး ကွင်းလယ်မှာလည်း လူငယ် ကစားသမားလေး မိန်းနိုကလည်း စီနီယာ ကစားသမားတွေနဲ့အတူ ပွဲထွက်ခွင့် ရခဲ့ပါတယ်။

Photo Credit : Man Utd Twitter

အာဆင်နယ် က ပထမပိုင်း အစလောက်မှာ ဆာခါ မာတင်နယ်လီတို့ရဲ့ wing တွေကနေ ယူနိုက်တက်ကို ဖိအားပေးခဲ့ပေမယ့် ဝါရင့် ဂိုးသမားကြီး ဟီတန် လက်စွမ်းပြခဲ့သလို အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ရဲ့ အဝေးကန်ချက် နဲ့ ယုံကြည်မှု ပျောက်ဆုံးနေသူ ဆန်ချိုရဲ့ အဆုံးသတ် ကန်ချက်တို့နဲ့ ပထမပိုင်းမှာပဲ အပြတ်အသတ် ဦးဆောင်လိုက်ပါတယ်။ ဒုတိယပိုင်းမှာတော့ ယူနိုက်တက်က ဟီတန်ကလွဲပြီး တစ်သင်းလုံး လူစားလဲခဲ့သလို အာဆင်နယ်ကလည်း ဒုတိယပိုင်းမှာ လူစားလဲမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် (2-0) နဲ့ပဲ ပွဲက အဆုံးသတ်သွားခဲ့ရပါတယ်။

Photo Credit : Twitter

အနိုင်အရှုံးပေါ်သွားခဲ့ပေမယ့် ပွဲအပြီးမှာ ပင်နယ်တီ ကန်သွင်းခွင့်ကိုပါ ထည့်သွင်းထားသေးတာကြောင့် နှစ်သင်းလုံး ပင်နယ်တီ ကန်ကြရာ အာဆင်နယ်ရဲ့ တတိယမြောက် ပင်နယ်တီကို ဗီယာရာက ဂိုးပေါက်လွဲအောင် ကန်ခဲ့မိတာကြောင့် ပင်နယ်တီမှာလည်း ယူနိုက်တက်ကပဲ double winner ဖြစ်သွားခဲ့ပြီး အာဆင်နယ် အတွက် double loser ဖြစ်သွားရပါတယ်။ အာဆင်နယ်ရော ယူနိုက်တက်ရော ရာသီကြို ခြေစမ်းပွဲ (၃)ပွဲစီ ကစားထားရာမှာ ယူနိုက်တက် (၃)ပွဲလုံးကို clean sheets တွေနဲ့ ဆက်တိုက် အနိုင်ရထားပေမယ့် အာဆင်နယ်ကတော့ (၁)ပွဲနိုင် (၁)ပွဲသရေ (၁)ပွဲ ရှုံးသာ ဖော်ဆောင်ထားနိုင်ခဲ့ပါတယ်။

Featured Photo : Man Utd & Arsenal Twitter