ခန္ဓာကိုယ်မှာ တက်တူး ရေးထိုးမှု အများဆုံးနေရာတွေထဲကတစ်ခုကို ပြောပါဆိုရင် လက်ကောက်ဝတ် ကို ထိပ်ဆုံးက ပြောရမှာပါ။ လက်ကောက်ဝတ်နေရာက ထင်သာမြင်သာရှိလို့ ကိုယ့်ရဲ့တက်တူးပုံကို Flex ချင်လို့ပဲ ဖြစ်ဖြစ် ၊ အခုမှစပြီး တက်တူးထိုးမယ့်သူတွေနဲ့အရွယ်အစားအရမ်းမကြီးတဲ့ တက်တူးအသေးစားလေးတွေထိုးချင်လို့ပဲ ဖြစ်ဖြစ် ယောကျာ်းလေးတွေရော မိန်းကလေးတွေအတွက်ပါ ရွေးချယ်ဖို့ သင့်တော်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ လက်ကောက်ဝတ်မှာ တက်တူးထိုးဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် ယောကျာ်းဆန်ဆန်နဲ့ ဂေါ်နေစေမယ့် တက်တူးဒီဇိုင်းတွေထဲက တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Number တက်တူးဒီဇိုင်း

Photo : The Trend Spotter

လက်ကောက်ဝတ် နေရာက ကျဉ်းမြောင်းပြီး သေးသွယ်တဲ့အတွက် အသေးစားတက်တူးဒီဇိုင်းတွေ ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။ ဥပမာအနေနဲ့ ပြောရရင် ကိန်းဂဏန်း တက်တူး ဒီဇိုင်းတွေပါ။ လူတိုင်းဘဝမှာ အဓိပ္ပါယ်ရှိတဲ့ နံပါတ်/ကိန်းဂဏန်းတွေ အများကြီးရှိကြပါတယ်။ မွေးနေ့ ၊ နှစ်ပတ်လည်နေ့ ၊ ကံကောင်းစေတဲ့နံပါတ် ၊ အကြိုက်ဆုံး ဘောလုံးသမားရဲ့ ကျောနံပါတ် စသည်ဖြင့်ပါ။ ကိန်းဂဏန်း တက်တူးတွေက ရိုးရိုးရှင်းရှင်းနဲ့ အထာကျစေတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

(၂) Bracelet တက်တူးဒီဇိုင်း

Photo : The Trend Spotter

ယောက်ျားပီသမှုအပြည့်နဲ့ ရိုးရိုးရှင်းရှင်း တက်တူးဒီဇိုင်းတွေ နှစ်ခြိုက်တယ်ဆိုရင် Bracelet တက်တူးဒီဇိုင်းတွေကို ရွေးချယ်နိုင်ပါတယ်။ လက်ကောက်ဝတ် မှာ လက်ပတ်,ပတ်ထားသလို အနက်ရောင်လိုင်းတွေကို တစ်ပတ်လည် ရေးထိုးနိုင်ပါတယ်။ ဒါက ရိုးရှင်းပေမယ့် ဘယ်တော့မှ ခေတ်နောက်ကျမသွားမယ့် တက်တူး ဒီဇိုင်းတွေထဲကတစ်ခုပဲ ဖြစ်ပါတယ်။

(၃) Semicolon တက်တူးဒီဇိုင်း

Photo : The Trend Spotter

Semicolon တက်တူးတွေက လေးနက်တဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။ အထူးသဖြင့် သတ်သေချင်လောက်အောင် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုနွံကြီးထဲက ရုန်းကန်လွတ်မြောက်လာသူတွေကို ကိုယ်စားပြုတာပါ။ စိတ်ရဲ့အနက်ရှိုင်းဆုံး ခွန်အားတွေကို ရည်ညွှန်းဖော်ပြရာမှာ Semicolon တက်တူးဒီဇိုင်းတွေက အကောင်းဆုံး ဖြစ်ပါတယ်။ အရွယ်အစား ခပ်သေးသေးနဲ့ လက်ကောက်ဝတ် မှာရေးထိုးဖို့အတွက် အထူးသင့်လျော်ပါတယ်။

(၄) Crown of Thorns တက်တူးဒီဇိုင်း

Photo : The Trend Spotter

Crown of Thorns ဆိုတာ ဆူးသရဖူကို ရည်ညွှန်းပါတယ်။ Crown of Thorns တက်တူးဒီဇိုင်းတွေက ဘာသာရေးနဲ့ သက်ဆိုင်တဲ့ Traditional Art တစ်ခု ဖြစ်ပေမယ့် ဒီဘက်ခေတ်လူငယ်တွေကြားမှာတော့ တော်တော်လေးကို ရေပန်းစား ရေးထိုးလာကြပါတယ်။ ခရစ်ယာန်ဘာသာနဲ့ ကယ်တင်ခြင်း အဓိပ္ပါယ်တွေကို ကိုယ်စားပြုပြီး လက်ကောက်ဝတ် မှာရေးထိုးဖို့ အလိုက်ဖက်ဆုံး တက်တူး ဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

(၅) Bird တက်တူးဒီဇိုင်း

Photo : The Trend Spotter

ငှက် တက်တူးဒီဇိုင်းတွေကတော့ Freedom ကို ကိုယ်စားပြုပါတယ်။ လွတ်လပ်မှုကို နှစ်သက်သူတိုင်း ရွေးချယ်ရေးထိုးကြတဲ့ ဒီဇိုင်းတစ်ခုပါ။ ငှက်တက်တူးဒီဇိုင်းတွေ အများကြီးရှိတဲ့အထဲကမှ ငြိမ်းချမ်းရေးချိုးငှက်ပုံ ဒီဇိုင်းကတော့ လက်ကောက်ဝတ် မှာ လူတော်တော်များများ ရွေးချယ်ရေးထိုး ဖြစ်ကြပြီး ရှေးနှစ်ပေါင်းများစွာကနေ ယနေ့ထိအတိုင် ရေပန်းစားနေဆဲ ဖြစ်ပါတယ်။

ကွီးတို့ရော လက်ကောက်ဝတ် မှာ တက်တူးထိုးမယ်ဆိုရင် ဘယ်လို တက်တူး ဒီဇိုင်းတွေကို ရွေးချယ်ဖြစ်မလဲ???

Featured Photo : The Trend Spotter