ဇာဘီ အလွန်ဆို က ဘောလုံးသမားဘဝကို ဖြတ်သန်းခဲ့စဉ်တုန်းက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသလို ဘောလုံးသမားဘဝကနေ နည်းပြအဖြစ် ပြောင်းလဲလိုက်ချိန်မှာလည်း နည်းပြသက်တမ်းက နုသေးပေမယ့်လည်း လုံးဝ အထင်ကြီးလောက်စရာတွေကို လုပ်ပြထားနိုင်ခဲ့ပါတယ်။

Photo Credit: Sports Illustrated

ကစားသမားဘဝမှာတုန်းက လီဗာပူးလ် ရီးယဲလ် ဘိုင်ယန်တို့နဲ့အတူ ချန်ပီယံလိဂ်ဖလား ဥရောပစူပါဖလား ကလပ်ကမ္ဘာ့ဖလား လာလီဂါဖလား ဘွန်ဒက်စ်လီဂါဖလား အက်ဖ်အေဖလား ကိုပါဒယ်ရေးဖလား စပိန်စူပါဖလား ဂျာမန်စူပါဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ပိုင်ဆိုင်ခဲ့သလို စပိန်အသင်းနဲ့လည်း ကမ္ဘာ့ဖလားနဲ့ ယူရိုဖလားတို့ကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ တခြားသော ကစားသမားတွေလို တစ်ဦးချင်း ဆုတံဆိပ်တွေ မပိုင်ဆိုင်ရပေမယ့်လည်း အလွန်ဆို က သူပါဝင်ကစားခဲ့တဲ့ အသင်းတိုင်းအတွက်ကိုတော့ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ကစားသမားဘဝကနေ အနားယူပြီးနောက် နည်းပြလောကထဲ ဝင်ရောက်လာချိန်မှာလည်း အလွန်ဆိုက သူ့အသင်းဟောင်းတွေဖြစ်တဲ့ ရီးယဲလ်နဲ့ ဆိုစီဒက်တို့မှာ ယူ-၁၄နည်းပြ အရန်နည်းပြတွေအဖြစ် ဆောင်ရွက်ခဲ့ရင်းနဲ့ ၂၀၂၂ခုနှစ် အောက်တိုဘာလမှာပဲ လေဗာကူဆင်က အလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ လေဗာကူဆင်က အတော်လေးကို အခြေအနေဆိုးလို့နေပြီး ဒါကို အလွန်ဆို က ပြန်လည် တည့်မတ်ပေးခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း အသင်းသမိုင်းတစ်လျှောက် ဆီမီးဖိုင်နယ်အဆင့်ထိ ပထမဆုံးအကြိမ်အဖြစ် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Opta Analyst

ဒီလို စွမ်းဆောင်မှုတွေကြောင့် လေဗာကူဆင်က အလွန်ဆိုကို ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပြီး အသင်းမှာ ဆက်လက် ထိန်းသိမ်းထားခဲ့သလို အလွန်ဆို ဟာလည်း ပိုပြီးတော့ကို လက်စောင်းထက်လာခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါမှာ ဂျာမန်ဘီလူးကြီးဆိုတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဆယ်စုနှစ် တစ်ခုစာလောက်အထိ လွှမ်းမိုးထားမှုကို အလွန်ဆိုက ရပ်တန့်ခဲ့ပြီး လက်ကျန် (၂)ပွဲလုံး မရှုံးအောင် ကစားနိုင်ခဲ့ရင် ရှုံးပွဲမရှိ ဘွန်ဒက်စ်လီဂါ ချန်ပီယံပါ ဖြစ်လာပါဦးမယ်။

Photo Credit: Sporting News

ဒါတင်မကသေးပဲ အလွန်ဆိုက လေဗာကူဆင်အသင်းကို ပိုကယ်ဖလားရဲ့ ဖိုင်နယ်နဲ့ ယူရိုပါလိဂ်ဖလား ဖိုင်နယ်တွေအထိပါ ပို့ဆောင်ထားနိုင်သေးတာမို့ တစ်ရာသီအတွင်း ဖလား(၃)လုံး ချန်ပီယံကိုပါ မျှော်မှန်းခွင့်လည်း ရှိနေပါတယ်။ မနေ့ညက ရိုးမားကို သရေကျအောင် ကစားရင်း ဖိုင်နယ်တက်သွားခဲ့ရာ လေဗာကူဆင်ရဲ့ ရှုံးပွဲမရှိ ပွဲအရေအတွက်က (၄၉)ပွဲ အထိ ရှိသွားခဲ့တာကြောင့် ဒါဟာလည်း UEFA ရဲ့ တရားဝင် ဥရောပပြိုင်ပွဲတွေ စတင် ကျင်းပချိန်ကနေ စတင်ပြီး ရှုံးပွဲမရှိ ပွဲအရေအတွက် အများဆုံး စံချိန်သစ်ပါ ဖြစ်လာခဲ့ရပါတယ်။

Featured Photo: Opta Analyst