ဟယ်ရီ မက်ဂွိုင်းယားတစ်ယောက် မန်ချက်စတာ ယူနိုက်တက်အသင်းမှာပဲ ဆက်ရှိနေဦးမယ် ဆိုရင်တောင် သူရဲ့ အသင်းခေါင်းဆောင် လက်ပတ်က တခြား အသင်းဖော် တစ်ဦးဦးထံ လွှဲပြောင်းရလိမ့်မယ်ဆိုတဲ့ သတင်းတွေဟာ အခုတော့ အမှန်တကယ် ဖြစ်လာခဲ့ရပါတယ်။ မက်ဂွိုင်းယားဟာ မန်ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် မဟုတ်တော့ပါဘူး။

Photo Credit : Eurosport

လက်စတာကနေ ယူနိုက်တက်အသင်းဆီ မြောက်များလှစွာသော ပြောင်းရွှေ့ကြေးများနဲ့ ပြောင်းရွှေ့ ရောက်ရှိလာပြီး များမကြာမီမှာပဲ အက်ရှ်လေယန်း အင်တာမီလန်ဆီ ပြောင်းရွှေ့သွားတဲ့နောက်မှာ အိုလေ ဂန်နာ ဆိုးလ်ရှားက ယူနိုက်တက် အသင်းခေါင်းဆောင်သစ်အဖြစ် မက်ဂွိုင်းယားကို ရွေးချယ်သွားခဲ့တယ်။ အဲရစ် တန်ဟက်ဂ် ယူနိုက်တက်ကို ရောက်လာချိန်အထိလည်း မက်ဂွိုင်းယားကပဲ အသင်းခေါင်းဆောင် ဖြစ်နေဆဲ။ ဒါပေမယ့် တန်ဟက်ဂ်က ယူနိုက်တက်နဲ့ တစ်ရာသီ ဖြတ်သန်းလို့အပြီးမှာတော့ အသင်းခေါင်းဆောင် အပြောင်းအလဲ လုပ်ကို လုပ်ရတော့မယ်ဆိုတာ သဘောပေါက်သွားခဲ့ပါတော့တယ်။

Photo Credit : Football365

အသင်းခေါင်းဆောင် လက်ပတ် တာဝန်ယူထားရတဲ့ ကစားသမားတစ်ဦးက အမြဲတမ်း အရန်ခုံမှာပဲ ထိုင်နေရတယ်ဆိုတာ သဘာဝမကျပါဘူး။ နောက်ပြီး အသင်းခေါင်းဆောင် ကိုယ်တိုင် ပြာပြာသလဲ မဖြစ်နေပဲ အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ရွိုင်းကိန်း ဗီဒစ် ရွန်နီတို့ဟာ ယူနိုက်တက်အသင်းရဲ့ အကောင်းဆုံးသော အသင်းခေါင်းဆောင်တွေ ဖြစ်ခဲ့ပေမယ့်လည်း မက်ဂွိုင်းယားမှာတော့ leadership skill က လိုအပ်ချက်တွေ ရှိနေသေးသလို ဖိအားတွေကိုလည်း ကောင်းကောင်း handle မလုပ်ဆောင်နိုင်ပါဘူး။ ဒါကြောင့်ပဲ သူ့ကို တန်ဟက်ဂ်က ယူနိုက်တက် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားလိုက်တာ မထူးဆန်ဘူးလို့ပဲ ပြောရပါမယ်။

Photo Credit : TEAMtalk

တကယ်တော့ ဂေါင်းကြီး ခေါ် မက်ဂွိုင်းယားဟာ ယူနိုက်တက်အသင်း ရောင်းချချင်နေတဲ့ ကစားသမားစာရင်းမှာ ထိပ်ဆုံးနေရာက ပါဝင်နေတဲ့သူပါ။ ဒါပေမယ့် သူ ကိုယ်တိုင်ကတော့ ခုလို အသင်းခေါင်းဆောင် ရာထူးနဲ့ မပတ်သက်တော့ရင်တောင် ယူနိုက်တက် ဂျာစီ ဝတ်ဆင်ထားရသမျှ ကာလပတ်လုံး အကောင်းဆုံးတွေ ပေးဆပ်သွားဦးမယ်လို့ပါ ကြွေးကြော်ထားပါသေးတယ်။ တန်ဟက်ဂ်ရဲ့ ပထမရာသီမှာ အရန်ခုံထိုင် အခု ဒုတိယရာသီ အစပိုင်းမှာ အသင်းခေါင်းဆောင်အဖြစ် ဖယ်ရှားခံရတဲ့ မက်ဂွိုင်းယား ဒီအခြေအနေတွေကနေ ရုန်းထွက်ပြီး အသင်း ပြောင်းလိုက်မလား ဒါမှမဟုတ် ယူနိုက်တက်မှာပဲ ပေတေပြီး ဆက်နေသွားမလား ဆိုတာကတော့…။

Featured Photo : Stretty News