တချို့တွေအတွက် အခွင့်အလမ်းနဲ့ ရှေ့ရေးဆိုတာ အကန့်အသတ်မရှိသလိုပါပဲ။ ပုံမှန်အားဖြင့် ပရော်ဖက်ရှင်တစ်ခုမှာ ထူးချွန်ပေမယ့် နောက်ထပ်မတူတဲ့ နယ်ပယ်မှာ နေရာရဖို့ဆိုတာ အတော်ကြီး ခက်ခဲပါတယ်။ ဒါပေမယ့်လည်း ပရော်ဖက်ရှင်နယ် နပန်းသမားတစ်ယောက်အဖြစ်ကနေ လက်ဝှေ့ကြိုးဝိုင်းထဲကထွက်ပြီး ကင်မရာရှေ့မှာ အောင်မြင်ခဲ့သူတွေ အများကြီး ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပရော်ဖက်ရှင်နယ် Wrestler ကနေ သရုပ်ဆောင် ဘဝကို ကူးပြောင်းခဲ့သူတွေ အများကြီးရှိတဲ့အထဲကနေ လူသိများ ထင်ရှားတဲ့ ကမ္ဘာကျော် ၅ ဦးအကြောင်း မျှဝေသွားမှာပါ။

(၁) Dwayne Johnson

Photo : Men’s Journal

The Rock မင်းသားကြီး Dwayne Johnson ကတော့ ဟောလီဝုဒ်ရဲ့ ပထမတန်းစား ရုပ်ရှင်မင်းသားအဖြစ် ကမ္ဘာကျော်နေပြီ ဖြစ်တဲ့ ပရော်ဖက်ရှင်နယ် နပန်းသမားဟောင်း ဖြစ်ပါတယ်။ သူပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တွေ ဒါဇင်နဲ့ချီ ရှိနေပြီး Jumanji ၊ Fast and Furious ၊ Jungle Cruise ၊ Rampage ၊ Moana ၊ Hercules နဲ့ Journey 2 စတဲ့စတဲ့ အောင်မြင်တဲ့ ရုပ်ရှင်ကားတွေလည်း ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင် ခဲ့ပါတယ်။ အချမ်းသာဆုံး ဟောလီဝုဒ်မင်းသား စာရင်းမှာလည်း သူ့နာမည်ဟာ ထိပ်နားက ပါဝင်လာပြီ ဖြစ်ပါတယ်။

(၂) John Cena

Photo : WWE

နာမည်ကျော် ဟောလီဝုဒ် သရုပ်ဆောင်တစ်ဦး ဖြစ်လာတဲ့ John Cena ပါဝင်ထားတဲ့ Fast and Furious 9 ကားဟာ ဒီနှစ်ထဲပဲ ထွက်ထားပါတယ်။ ဒွန်ရဲ့ ညီအဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပြီး သရုပ်ဆောင်ချက်တွေ အကောင်းကြီး မဟုတ်ပေမယ့် အောင်မြင်တဲ့ဇာတ်ရုပ်လို့ ပြောနိုင်ပါတယ်။ ဇာတ်မြူးကားတွေ ဖြစ်တဲ့ Trainwreck ၊ Blockers စတဲ့ ရုပ်ရှင်တွေလည်း သရုပ်ဆောင်ထားပါတယ်။ ဒီနှစ်ထဲ ထွက်ထားတဲ့ The Suicide Squad ထဲက Peacemaker ဇာတ်ရုပ်ကတော့ Cena နဲ့ အတော်လေး လိုက်ဖက်တယ်လို့ ဆိုနိုင်ပါတယ်။

(၃) Adam Copeland

Photo : Muscle & Fitness

WWE လက်ဝှေ့ကြိုးဝိုင်းမှာ Edge ဆိုတဲ့ နာမည်နဲ့ ကျော်ကြားခဲ့တဲ့ ပရော်ဖက်ရှင်နယ် ကနေဒါနပန်းသမား အဒမ်ကုပ်လန်းဟာ သိပ္ပံစိတ်ကူးယဉ် Shows တွေ ဖြစ်တဲ့ Sanctuary နဲ့ Heaven လို အပိုင်းတွေမှာ စပြီး သရုပ်ဆောင်ခဲ့ပါတယ်။ Vikings စီးရီး နောက်ဆုံး Seasons နှစ်ခုမှာလည်း သူပါပါတယ်။ ၂၀၂၀ မှာ ထွက်တဲ့ Money Plan ရုပ်ရှင်မှာ ခေါင်းဆောင်အဖြစ် ပါဝင်သရုပ်ဆောင် ထားပါတယ်။

(၄) Goldberg

Photo : News18

နာမည်ကျော် နပန်းသမားကြီးတွေ ပါဝင်ခဲ့တဲ့ The Longest Yard ဟာ Wrestlers တွေအတွက် မှတ်တမ်းတစ်ခုပါပဲ။ ဒီကားမှာ Stone Cold Steve Austin ၊ အရပ် ၇ ပေကျော် မြင့်တဲ့ လူထွားကြီး The Great Khali ၊ Kevin Nash နဲ့ Bill Goldberg တို့ ပါဝင်ထားလို့ပါပဲ။ ဇာတ်ကားသဘောအရ Goldberg ဟာ NFL အသင်းတစ်သင်းဖြစ်တဲ့ Georgia Bulldogs မှာ နောက်တန်းခံစစ်သမားအဖြစ် သရုပ်ဆောင်ရတာပါ။ Goldberg ဟာ Santa’s Slay မှာလည်း ဆန်တာကလော့အဖြစ် သရုပ်ဆောင် ထားပါတယ်။

(၅) Dave Bautista

Photo : People.com

Bautista ကို Guardians of The Galaxy ၊ Spectre နဲ့ Blade Runner 2049 ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရမှာပါ။ Bautista လည်း ဇာတ်ကားအတော်များများမှာ သရုပ်ဆောင်ထားပြီး သူပါတဲ့ ကားတွေထဲမှာ နာမည်ကျော် ‘ပေါက်’ကားတွေလည်း အများကြီးပါပဲ။ နပန်းသမားကနေ သရုပ်ဆောင် ဖြစ်လာသူတွေရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ဇာတ်ကောင် စရိုက်ပီပြင်မှုမှာ ပြောစရာတွေ ရှိပေမယ့် အခုနောက်ပိုင်း Bautista ရဲ့ သရုပ်ဆောင်မှုတွေ အတော်လေး ကောင်းလာတာ တွေ့ရပါတယ်။

Source : Muscle & Fitness

Photo : Khel Now