ဘောက်ဆင်/ လက်ဝှေ့ဝါသနာရှင် ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ အိမ်မှာပဲ လက်ဝှေ့ လေ့ကျင့်တဲ့အခါ အသုံးပြုနိုင်မယ့် သဲအိတ် (Punching Bag) ကိုယ်တိုင်ကိုယ်ကျ အလွယ်တကူ ပြုလုပ်နိုင်မယ့် DIY နည်းလမ်းလေးကို ပြောပြပေး ချင်ပါတယ်။ ကွီးတို့ ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ သဲအိတ် (Punching Bag) တစ်လုံး အလွယ်တကူ ဖန်တီးနိုင်ဖို့ လွယ်ကူရိုးရှင်းတဲ့ ပြုလုပ်နည်း အဆင့်ဆင့်ကို အောက်မှာ ဆက်လေ့လာ ကြည့်လိုက်ပါဦး။

Photo : Instructables

အဆင့် (၁) – သဲအိတ် (Punching Bag) ပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို စုဆောင်းပြင်ဆင်ပါ။ လိုအပ်တဲ့ ပစ္စည်းတွေကတော့………

  • ရှုံ့ကြိုးအိတ် (Drawstring Bag) အထူသား
  • တိတ်အထူ
  • လွှစာမှုန့်
  • ကြိုး သို့မဟုတ် သံကြိုး
  • သံကွင်း/သံချိတ်

တို့ပဲ ဖြစ်ပါတယ်။

Photo : Instructables

အဆင့် (၂) – နောက်တဆင့်ကတော့ အိတ်ထဲကို အစာဖြည့်ရပါမယ်။ အစာမဖြည့်ခင် အိတ်အကြောင်း အရင်ပြောရအောင်ပါ။ အိတ်ကတော့ ရှုံ့ကြိုးအိတ် (Drawstring Bag) အထူသား ကို အသုံးပြုတာ အကောင်းဆုံး ပါပဲ။ အိတ်ရဲ့အသားက ခိုင်ခံ့ပြီး အကြမ်းခံမယ့် အထူးသားဖြစ်ဖို့ လိုပါတယ်။ အကယ်၍ ရှုံ့ကြိုးအိတ် (Drawstring Bag) မရှိပါက။ မဝတ်တော့တဲ့ ဂျင်းဘောင်းဘီကို ဖြတ်တောက်ပြီး အောက်ခြေနဲ့ ထိပ်ဝကို ပြန်ပိတ်ချုပ်လိုက်ရင် အိတ်အဖြစ်နဲ့ အသုံးပြုလို့ ရနိုင်ပါတယ်။ ကဲဒါဆို အစာဖြည့်တဲ့ အဆင့်ကို ဆက်ပါမယ်။ သဲအိတ် ဆိုပေမယ့်လို့ စာရေးသူကတော့ အိတ်ထဲထည့်မယ့် အစာကို သဲအစား ၊ လွှစာမှုန့်ကို ထည့်ဖို့ ပိုပြီး Recommend ပေးချင်ပါတယ်။ အကယ်၍ လွှစာအလွယ်တကူ မရှိရင်လည်း သဲထည့်လို့လည်း အဆင်ပြေပါတယ်။ အစာဖြည့်ပြီးပြီ ဆိုရင်တော့ အိတ်ကို သေချာအလုံပိတ်ပြီး အိတ်ရဲ့ အပေါ်ယံကနေ တိတ်အထူသားနဲ့ အထပ်ထပ် ပတ်ပေးပါ။ ပြီးရင်တော့ သံကွင်း/သံချိတ်မှာ ချိတ်ဆွဲဖို့ ကြိုး ဒါမှမဟုတ် သံကြိုးနဲ့ ထိပ်ဝကို မြဲအောင်ချည်နှောင်ရပါမယ်။

Photo : Instructables

အဆင့် (၃) – နောက်ဆုံး အဆင့်ကတော့ သံကွင်း/သံချိတ်မှာ ရယ်ဒီပြင်ဆင်ထားတဲ့ သဲအိတ် (Punching Bag) ကို ချိတ်ဆွဲဖို့ပါပဲ။ သံကွင်း/သံချိတ်ကို ခိုင်ခံ့တဲ့ အမာခံ ထုတ်တန်း သို့မဟုတ် သစ်သားတန်းမှာ သေချာမြဲမြံအောင် ရိုက်သွင်းထားပါ။ အကယ်၍ သံကွင်း/သံချိတ်မလိုပဲ တစ်ခါတည်း တန်းမှာ ချိတ်ဆွဲလို့ ရတယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါဆိုရင်တော့ ကွီးတို့ အိမ်မှာပဲ လက်ဝှေ့ ကစားဖို့အတွက် လွယ်ကူရိုးရှင်း ဘတ်ဂျတ် သက်သာတဲ့ သဲအိတ် (Punching Bag) ရပါပြီ။

Photo : Instructables

ထပ်ဆောင်း အကြံပြုချင်တာကတော့ အခုမှစပြီး ဘောက်ဆင်/လက်ဝှေ့ ကစားမယ့်သူတွေအနေနဲ့ Hand Wraps / ပတ်တီး နဲ့ လက်ဝှေ့အိတ်တွေကို သုံးပြီးမှ လေ့ကျင့်ဆော့ကစားပါ။ ဒီအတိုင်း အလွှတ် လက်သီးထိုး ကျင့်မယ်ဆိုရင် ကွီးတို့ရဲ့ လက်ကောက်ဝတ်နဲ့ လက်ဆစ်တွေ ဒဏ်ရာရနိုင်ခြေ များလို့ ဖြစ်ပါတယ်။

ကဲဒီလောက်ဆို ကွီးတို့ ကိုယ်တိုင်လုပ် DIY သဲအိတ် (Punching Bag) လေးနဲ့ အိမ်မှာပဲ လက်ဝှေ့လေ့ကျင့်ကစားဖို့ ရယ်ဒီဖြစ်ပြီလား ???

Source : Instructables

Featured Photo : MMA Today