မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ အသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ကာလရှည် စာချုပ်သစ် ချုပ်ဆိုသွားဖို့အတွက် သဘောတူညီမှု ရရှိတော့မှာ ဖြစ်သလို ရပ်ရှ်ဖို့ဒ် ဟာလည်း ယူနိုက်တက်ရဲ့ လစာ အမြင့်မားဆုံး ကစားသမားပါ ဖြစ်လာနိုင်တော့မယ်လို့ သိရပါတယ်။

Photo Credit : Sporting News

မန်ယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ် ကစားသမား ရပ်ရှ်ဖို့ဒ် ကို လစာနှုန်းထား အသစ်တစ်ရပ်နဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းထားသလို လက်ရှိ အသင်းရဲ့ လစာ အမြင့်ဆုံး ကစားသမားဖြစ်တဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယားကိုလည်း လစာလျှော့ယူဖို့ ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေရတဲ့အတွက် လမ်းခွဲဖို့ စီစဉ်လျက် ရှိနေရာ ဒဟေးယားသာ ထွက်ခွာသွားမယ်ဆိုရင်တော့ ရပ်ရှ်ဖို့ဒ်က ယူနိုက်တက်ရဲ့ လစာ အများဆုံးနေရာဆီ ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

စပိန်ဂိုးသမား ဒဟေးယားဟာ ယူနိုက်တက်အသင်းမှာ (၁၂)ရာသီအထိ ဖြတ်သန်းထားခဲ့သူဖြစ်ပြီး အသင်းမှာလည်း တစ်ပတ်လုပ်ခ ပေါင် (၃၇၅၀၀၀)အထိကို ရရှိနေသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အသင်းနဲ့ စာချုပ် ကုန်ဆုံးတော့မယ့် ဒဟေးယားကို ယူနိုက်တက်ဘက်က တစ်ပတ် ပေါင် (၂၀၀၀၀၀)လောက်နဲ့သာ ကမ်းလှမ်းထားခြင်းအပေါ် ဒဟေးယားက လက်ခံသွားဖို့ ဆန္ဒမရှိပဲ ဖြစ်နေရာ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ အခြေအနေ များလာခဲ့ရပါတယ်။ ဒီအချိန်မှာ ယူနိုက်တက်က ရပ်ရှ်ဖို့ဒ် ကို ဒဟေးယားရဲ့ လစာ ပမာဏမျိုးပေးပြီး (၅)နှစ် သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့ပါ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာလည်း ရပ်ရှ်ဖို့ဒ် ဘက်က ယူနိုက်တက်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို သဘောတူညီသွားဖို့ အလားအလာ အရမ်းကောင်းနေပြီး အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့လည်း ဆက်လက် လက်တွဲလိုတာကြောင့် ယူနိုက်တက်မှာသာ ကာလရှည်ကြာ ဆက်ကစားသွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဒဟေးယားရဲ့ ယူနိုက်တက် ကစားသမားဘဝကတော့ အဆုံးသတ်ရတော့မှာဖြစ်ပြီး သူ့နေရာအတွက်လည်း အင်တာ ဂိုးသမား အိုနာနာ ၊ ပေါ်တို ဂိုးသမား ကော်စတာ နဲ့ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်တို့ကို ပစ်မှတ်ထားနေပါတယ်။

Featured Photo : The Sun