မနေ့ညက ခါရာဘောင်း လိဂ်ဖလားပြိုင်ပွဲ တတိယအဆင့်ပွဲများကို ဒုတိယနေ့အဖြစ် ဆက်လက် ယှဉ်ပြိုင်စေခဲ့ရာ ချယ်လ်ဆီး အာဆင်နယ် ဝက်စ်ဟမ်း ဖူလ်ဟမ်တို့လို လန်ဒန် အခြေစိုက် ကလပ်အသင်းတွေအပြင် လီဗာပူးလ်ကလည်း Comeback နဲ့ လှမ်းတက်ခဲ့ပေမယ့်လည်း အချိုရည်ဖလားကို (၄)နှစ်ဆက်တိုက်လောက်အထိ ရယူထားတဲ့ မန်စီးတီးကတော့ ငှက်ကျားအသုတ်ခံလိုက်ရပြီး စောစောစီးစီး လှည့်ပြန်သွားခဲ့ရပါတယ်။

Photo Credit : City Xtra

တတိယအဆင့်မှာ ချယ်လ်ဆီး နဲ့ ဘရိုက်တန် ၊ နယူးကာဆယ် နဲ့ မန်စီးတီး ၊ ဘရန့်ဖို့ဒ် နဲ့ အာဆင်နယ် ၊ လီဗာပူးလ် နဲ့ လက်စတာပွဲတွေက စောင့်ကြည့်ချင်စရာ ဖြစ်ခဲ့ရပြီး ကျွဲစိမ်း လက်ရှိချန်ပီယံ မန်ယူကတော့ အင်္ဂါညကပဲ ပဲလေ့စ်ကို ဂိုးပြတ်သမကာ စတုတ္ထအဆင့်ဆီ တက်လှမ်းထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ဒီပြိုင်ပွဲရဲ့ ဖိုင်နယ်အထိ တက်လှမ်းထားဖူးတဲ့ နယူးကာဆယ် နဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲတိုင်း အနိုင်ရနေတဲ့ မန်စီးတီးတို့ ထိပ်တိုက် တွေ့ဆုံတဲ့ပွဲမှာတော့ အိမ်ရှင်ကာဆယ်က အီဆက်ခ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ စီးတီးကို ဖြုတ်ချခဲ့ပါတယ်။

Photo Credit : Chelsea , Liverpool & Arsenal Twitter

ဒီရာသီမှာ ရုန်းကန်နေရတဲ့ ချယ်လ်ဆီးကလည်း ပရီးမီးယားလိဂ်ရဲ့ အသင်းကောင်းတစ်သင်းဖြစ်သော ဘရိုက်တန်ကို အကြိတ်အနယ် ရင်ဆိုင်ကစားခဲ့ရင်း ဝေဖန်မှုတွေ ခံနေရတဲ့ တိုက်စစ်မှူး ဂျက်ဆင်ရဲ့ ဂိုးနဲ့ပဲ နိုင်ပွဲရသွားခဲ့ပါတယ်။ အာဆင်နယ်ကလည်း နယ်လ်ဆင်ရဲ့ အစောပိုင်း သွင်းဂိုးနဲ့ ဘရန့်ဖို့ဒ်ကို ကျော်ဖြတ်ခဲ့သလို ပြိုင်ဘက်ကို တစ်ဂိုးအကျောပေးပြီးမှ နောက်က ပြန်ကစားတက်တဲ့ လီဗာပူးလ်ကလည်း ဂက်ပို ဆိုဘိုဆလိုင်း ဂျိုတာတို့ရဲ့ ဂိုးတွေနဲ့ပဲ Comeback ခဲ့ပြန်ပါတယ်။

Photo Credit : The Independent

မန်စီးတီး စပါး ဗီလာတို့လို ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး လက်ကျန် အသင်းတွေအတွက် စတုတ္ထအဆင့် ပွဲစဉ်တွေကို ဆက်လက် မဲနှိုက်ရေးဆွဲရာ မနှစ်က ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်မှာပဲ ဆုံတွေ့ထားခဲ့ကြတဲ့ မန်ယူ နဲ့ နယူးကာဆယ်တို့က တိုက်တိုက်ဆိုင်ဆိုင် ထပ်မံ ဆုံတွေ့နေကြပြီး ဒီအဆင့်ထိ တက်လာတဲ့ လန်ဒန်အသင်းတွေထဲကမှ အာဆင်နယ် နဲ့ ဝက်စ်ဟမ်းတို့ လန်ဒန်ဒါဘီအဖြစ် တွေ့ဆုံပါမယ်။ ချယ်လ်ဆီးကတော့ အိမ်ကွင်းမှာပဲ ဘလက်ဘန်းကို ဧည့်ခံသွားရမှာဖြစ်ပြီး လီဗာပူးလ်က ဗိုက်တယ်လက်တီမှာ ဘုန်းမောက်နဲ့ ရင်ဆိုင်သွားရပါမယ်။

Featured Photo : Chelsea , Arsenal , City Xtra Twitter X