တားမြစ်ဆေး သုံးစွဲထားမှုကြောင့် ဘောလုံးနဲ့ ပတ်သက်ခွင့် (၄)နှစ်အထိတောင် ပိတ်ပင်ခံထားရတဲ့ ဂျုဗင်တပ်စ်နဲ့ ပြင်သစ် ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဘာ ကတော့ ကံကောင်းထောက်မစွာနဲ့ပဲ အယူခံ အောင်မြင်သွားခဲ့တာကြောင့် (၄)နှစ်ပွဲပယ်ကနေ (၁၈)လအထိ လျော့ပေါ့နိုင်ခဲ့တာကြောင့် လာမယ့် ၂၀၂၅ခုနှစ်မှာပဲ ဘောလုံးပြန်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

Photo Credit: GiveMeSport

ကမ္ဘာပေါ်က အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ပေါ့ဘာဟာ သူရဲ့ ဘောလုံးသမားဘဝမှာ တစ်ဦးချင်း ဆုတံဆိပ်တွေ မရရှိခဲ့ဖူးပေမယ့်လည်း တကယ့်ကို အရည်အသွေးမြင့် ကစားသမားတစ်ယောက် ဖြစ်တယ်ဆိုတာကို ဘောလုံးပရိသတ်တိုင်းနီးပါးက လက်ခံတတ်ကြပါတယ်။ ကစားသမားဘဝမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဂျုဗင်တပ်စ် နှစ်သင်းတည်းမှာသာ ကစားခဲ့ဖူးတဲ့ ပေါ့ဘာဟာ ဂျုဗင်တပ်စ်နဲ့ ပထမဆုံးအကြိမ် ဖြတ်သန်းခဲ့တဲ့ အချိန်ကာလကတော့ ပေါ့ဘာ အတွက် လုံးဝ အကောင်းဆုံးအချိန်တွေလည်း ဖြစ်ခဲ့ရပါတယ်။

Photo Credit: Goal

အခုတစ်ကြိမ် ဂျုဗင်တပ်စ်ဆီ free transfer နဲ့ပဲ ထပ်မံ ရောက်လာချိန်မှာတော့ ပထမအကြိမ်လို မဟုတ်တော့ပဲ ရာသီအစမှာ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရသလို သက်သာလာတော့လည်း ပွဲအနည်းသာ ကစားနိုင်ခဲ့ရင်း နောက်ရာသီမှာတော့ testosterone ဆိုတဲ့ တားမြစ်ဆေးကို သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ အခုလို ပွဲပယ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ တစ်ချိန်က ကမ္ဘာ့ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမားပါ ဖြစ်ခဲ့ဖူးတဲ့ ပေါ့ဘာဟာ အခုလို တားမြစ်ဆေးကြောင့် ပွဲပယ်ပြစ်ဒဏ်ကြီး ကျခံရတာ သူ့အတွက် အိမ်မက်ဆိုးတစ်ခု ဖြစ်စေရပေမယ့် အခုတော့ ပေါ့ဘာအနေနဲ့ အိမ်မက်ဆိုးကနေ နှိုးထခွင့် ရရှိသွားခဲ့ရပါတယ်။

Photo Credit: News Bytes

တကယ်လို့ ဘောလုံးလောကနဲ့ ပတ်သက်ခွင့် (၄)နှစ်အထိသာ တကယ် ပိတ်ပင်ခံရမယ်ဆိုရင် ပေါ့ဘာရဲ့ ကစားသမားဘဝက လုံးဝ ပြီးဆုံးသွားမှာ ဖြစ်ပေမယ့်လည်း အခုလို (၁၈)လအထိသာ လျော့ပေါ့ခံလိုက်ရတာဖြစ်လို့ လာမယ့် ၂၀၂၅မှာ ဘောလုံးပြန်ကစားနိုင်ပါတော့မယ်။ ပေါ့ဘာ က ၂၀၂၅ နှစ်ဦးပိုင်း ဇန်နဝါရီလထဲမှာပဲ သူရဲ့ လက်ရှိကလပ် ဂျုဗင်တပ်စ်အသင်းနဲ့ လေ့ကျင့်ခန်းတွေ စတင်နိုင်တော့မှာ ဖြစ်သလို မတ်လမှာဆိုရင်လည်း ပွဲစဉ်တွေကိုပါ ကစားနိုင်ပါတော့မယ်။

Featured Photo: DW