တော့တင်ဟမ်ဟော့ စပါးအသင်း နဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ဒယ်လီ အလီ က သူရဲ့ စီနှီယာ ကစားသမားကြီး ဂယ်ရီ နဗီးလ်နဲ့ အင်တာဗျူး အစီအစဉ်အတွင်း သူ့ငယ်ဘဝ စိတ်ဒဏ်ရာအကြောင်းတွေကို ရင်ဖွင့်သွားခဲ့ပြီး အသက် (၆)နှစ်သား အရွယ်မှာပဲ လိင် အမြတ်ထုတ်ခံခဲ့ရဖူးတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit : The Analyst

အသက် (၂၇)နှစ်အရွယ် ကွင်းလယ် တိုက်စစ် ကစားသမား အလီဟာ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့ရင်း စပါးအသင်းမှာလည်း နည်းပြ ပိုချက်တီနို လက်အောက် တောက်ပနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ကစားသမားဘဝ နောက်ပိုင်းကာလတွေမှာ အလီရဲ့ လုပ်ရည်ကိုင်ရည်တွေ ကျဆင်းလာခဲ့ရင်း စပါးကနေပါ အဲဗာတန်အသင်းဆီ အပြီးသတ် ရောင်းချခံခဲ့ရပါတယ်။ အဲဗာတန်အတွက်လည်း ဘာမှ မယ်မယ်ရရ မစွမ်းဆောင်နိုင်တဲ့ အလီက ပြီးခဲ့တဲ့ ရာသီဝက်မှာလည်း တူရကီကလပ် ဘက်ဆစ်တက်အသင်းဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရပါသေးတယ်။

Photo Credit : Marca

ကစားသမားဘဝကို ဒီလို အခြေအနေဆိုးတွေနဲ့ ဖြတ်သန်းနေရတဲ့ အလီက နဗီးလ်နဲ့ အင်တာဗျူး လုပ်ဆောင်ရင်း ငယ်ဘဝတုန်းက ရင်ဆိုင်ခဲ့ရတဲ့ စိတ်ဒဏ်ရာ အကြောင်းတွေကိုပါ ဖွင့်ဟသွားခဲ့ပါတယ်။ အလီ က သူ အသက် (၆)နှစ်သားအရွယ်မှာပဲ သူ့မိခင်ရဲ့ သူငယ်ချင်းဖြစ်သူက သူ့အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ လုပ်ဆောင်တာကို ခံခဲ့ရဖူးကြောင်းနဲ့ အဲ့ဒီအချိန်မှာ သူ့မိခင်ကလည်း အရက်စွဲနေလို့ သူ့ကို ဘာ အကာအကွယ်မှ မလုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky News

ဒါ့အပြင် အလီ က (၇)နှစ်အရွယ်မှာ ဆေးလိပ် စသောက်တတ်နေပြီး (၈)နှစ်အရွယ်နဲ့ပဲ မူးယစ်ဆေးတွေကို (၃)နှစ်နီးပါးလောက်အထိ ဆက်တိုက် သုံးစွဲခဲ့ဖူးတယ်လို့ ပြောဆိုခဲ့ပါတယ်။ (၁၂)နှစ်သား အရွယ်မှာတော့ သူ့ကို အလွန် ကောင်းမွန်တဲ့ မိသားစုတစ်ခုက မွေးစားခဲ့ပြီး သူ့အနေနဲ့ မိဘရင်းတွေအပေါ် နားလည်မှု ပေးနိုင်သော်လည်း မိဘရင်းတွေနဲ့တော့ ထပ်မပတ်ချင်တော့ကြောင်း ဆိုပါတယ်။ မကြာသေးခင်ကလည်း သူ့မှာ စိတ်ကျ ဝေဒနာ နဲ့ အိပ်ဆေး သုံးသောက်မှု စွဲနေတာကို ကုသဖို့အတွက် အမေရိကန်မှာ ပြန်လည် ထူထောင်ရေးတွေ လုပ်ဆောင်ခဲ့ရသေးတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Featured Photo : The Economic Times