ဒီနှစ် ဘောလုံးရာသီမှာ နည်းပြသစ် ပိုစတီကိုဂလူးရဲ့လက်ထက် တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ အပြောင်းအလဲတွေက တိုးတက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပြီး ပရီးမီးယားလိဂ်မှာ (၆)ပွဲအထိ ကစားထားပြီးချိန် ရှံးပွဲ လုံးဝမရှိသေးပဲ မန်ယူနိုက်တက်ကို (၂)ဂိုးပြတ်နဲ့ နိုင်ထားသလို အာဆင်နယ်ကိုလည်း လန်ဒန်ဒါဘီမှာ သရေရအောင် ကစားထားပါသေးတယ်။

Photo Credit : talkSPORT

တကယ်တော့ စပါးအသင်းက ဒီနွေမှာ ဟယ်ရီကိန်းလို အသင်းအတွက် အရေးအကြီးဆုံးသော ကစားသမားတစ်ဦးကို လက်လွတ်ထားရချိန် အသင်း တိုက်စစ်ပိုင်းက အားနည်းမယ်လို့ ထင်ခဲ့ရပေမယ့်လည်း ဒီရာသီမှာ မန်စီးတီးပြီးရင် ဒုတိယမြောက် သွင်းဂိုးအများဆုံး ပရီးမီးယားလိဂ်အသင်းက စပါး နဲ့ လီဗာပူးလ်တို့ ဖြစ်နေပါတယ်။ လက်လွတ်လိုက်ရတဲ့ ဟယ်ရီကိန်း နေရာအတွက် တိုက်ရိုက် အားဖြည့်မှု မလုပ်ဆောင်ခဲ့ပဲ တောင်ပံအတွက်ကိုသာ ဘရန်ဒန် ဂျွန်ဆင်ကို နော်တင်ဟမ်ကနေ ခေါ်ယူခဲ့ပါတယ်။

Photo Credit : Pundit Feed

လက်ရှိအချိန်ထိ ဘရာဇီးလ် တိုက်စစ် ကစားသမား ရစ်ချာလီဆန်က စပါးတိုက်စစ်မှာ အားကိုးအားထားရလောက်တဲ့ အခြေအနေမျိုးအထိ ရောက်လာအောင် မစွမ်းဆောင်ထားနိုင်ပေမယ့် အသင်းခေါင်းဆောင်သစ် ဆွန်ဟောင်မင် ဂိုးတွေ ပြန်လည် သွင်းယူနေသလို ကစားသမားသစ် ဂျိမ်းစ် မက်ဒီဆင်ကလည်း စပါးမှာ အလျင်အမြန် အထိုင်ကျခဲ့ပါတယ်။ နည်းပြ ပိုစတီကိုဂလူးကလည်း သူ့ကို ရာသီအစကတည်းက အာချောင် ဝေဖန်ထားကြသူတွေကို အလုပ်နဲ့ အကောင်းဆုံး သက်သေပြထားခဲ့ပါတယ်။

Photo Credit : Cartilage Free Captain

အခုလက်ရှိအထိကတော့ သြစတြေးလျသားကြီး ပိုစတီကိုဂလူးဟာ ယူနိုက်တက် နဲ့ အာဆင်နယ်ပွဲတွေမှာ စာမေးပွဲ အောင်မြင်ထားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အခုတော့ ယာဂန် ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းနဲ့ ထပ်မံ အစမ်းသပ်ခံရပါတော့မယ်။ လီဗာပူးလ်ကလည်း ဒီနွေမှာ ကွင်းလယ်တစ်တန်းလုံးကို အပြောင်းအလဲတွေ လုပ်ဆောင်ထားတာဖြစ်ပြီး ဒီနောက်ပိုင်းမှာ 3-1 တွေနဲ့ အတီးကြမ်းလို့နေပါတယ်။ ပြီးတော့ စပါးရော လီဗာပူးလ်ရောက ဒီရာသီမှာ ခြေစွမ်းကောင်း ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နေတာမို့ အခုလို ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံနေတာက အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။

Featured Photo : The Sun