GOAT ကြီး လီယွန်နယ် မက်ဆီကို ခေါ်ယူနိုင်ဖို့ အသည်းအသန် ကြိုးစားပြီးမှ အောင်မြင်မှု မရရှိခဲ့တဲ့ ဆော်ဒီ စူပါလိဂ် ကလပ် အယ်လ်ဟီလယ် အသင်းဟာ လက်ရှိမှာလည်း ချယ်လ်ဆီးရဲ့ ဘယ်လ်ဂျီယံရဲ့ တိုက်စစ် ကစားသမား လူကာကူ ကိုပါ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Sky Sports

အယ်လ်ဟီလယ် အသင်းဟာ ဒီရာသီမှာ ဆော်ဒီ အမှတ်ပေးဖလားနဲ့ လွဲချော်ခဲ့ရပြီး ဇယားထိပ်က အယ်လ်အစ်တီဟတ်နဲ့ပါ (၁၃)မှတ်အထိတောင် ကွာဟခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကြောင့် အယ်လ်ဟီလယ်က ဈေးကွက်အတွင်းမှာ အသင်းအတွက် ထိပ်တန်း ကစားသမားတွေ ခေါ်ယူ အားဖြည့်ချင်လာခဲ့တာ ဖြစ်ပြီး မက်ဆီ ကို မခေါ်နိုင်ခဲ့လို့ နေမာ မာရက်ဇ်တို့လို ကစားသမားတွေကိုပါ ကြိုးပမ်းလာခဲ့ပါတယ်။ အခုလည်း လူကာကူ ကိုပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြန်ပါတယ်။

Photo Credit : Clutch Points

လက်ရှိမှာ ဘယ်လ်ဂျီယံ တိုက်စစ် ကစားသမား လူကာကူက ဆော်ဒီကို ရောက်ရှိနေတာဖြစ်ပြီး မနေ့ကပဲ အယ်လ်ဟီလယ် အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ခြင်းကြောင်းနဲ့ လူကာကူအတွက် တစ်နှစ်လုပ်ခအဖြစ် ဒေါ်လာ သန်း(၂၀)နဲ့ ကမ်းလှမ်းခဲ့ကြောင်း ပြင်သစ် သတင်းမီဒီယာ Foot Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။ တစ်ခုရှိတာကတော့ လူကာကူဟာ ဆော်ဒီကလပ်တွေ ခေါ်ယူနေတဲ့ ကစားသမားတွေလို free agent players မဟုတ်တဲ့အတွက် ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးပါ ပေးချေရဖို့လည်း လိုအပ်ပါတယ်။

Photo Credit : Football London

ဆက်လက်ပြီး Goal သတင်းမီဒီယာရဲ့ ဖော်ပြချက်အရတော့ အယ်လ်ဟီလယ် အသင်းက လူကာကူ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၅၀)နဲ့ ကမ်းလှမ်းမှု ပြုလုပ်လာခဲ့မယ်ဆိုရင် ချယ်လ်ဆီးဘက်ကလည်း ဒီကမ်းလှမ်းမှုကို လက်ခံသွားဖို့ အဆင့်သင့် ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လူကာကူက သူ အငှားနဲ့ သွားကစားနေတဲ့ အင်တာမီလန်မှာလည်း ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းနေချင်သေးတာဖြစ်လို့ ဘယ်လို အခြေအနေတွေ ဖြစ်လာမလဲဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။

Featured Photo : Daily Mail