ဆုဖလား အောင်မြင်မှုတွေ မရပါပဲနဲ့ ကမ္ဘာ့အဆင့် ရပ်တည်မှုမှာ အဆင့်(၁)နေရာကို အချိန်တစ်ခုအထိ ခပ်တည်တည် ရပ်တည်နိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံ အသင်းရဲ့ ရွှေထီးဆောင်းချိန်တွေဟာ အခုအချိန်မှာဆိုရင်တော့ ဒါတွေဟာ ပုံပြင်လိုတောင် ဖြစ်သွားပြီလို့ ပြောရမလိုပါပဲ။ အသင်းမှာ နာမည်ကျော် ကစားသမားတချို့ ရှိနေသေးတောင်မှ အသင်းရဲ့ form တွေ ရလဒ်တွေကတော့ တကယ့်ကို အဆင်မပြေနိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်နေရပါတယ်။

Photo Credit: ESPN

တကယ်တော့ ဘယ်လ်ဂျီယံ ဟာ ဟာဇက် ကွန်ပနီ ဒီဘရိုင်း ဒမ်ဘီလီ ဗာမယ်လန် ဖယ်လိုင်နီ လူကာကူ ကော်တိုအာတို့နဲ့ ရွှေခေတ်ကို ဖြတ်သန်းခဲ့ရချိန်မှာတောင် ၂၀၁၈ ကမ္ဘာ့ဖလားမှာသာ တတိယနေရာကိုပဲ ရယူနိုင်ခဲ့ပါတယ်။ တကယ်ဆို အဲ့ဒီအချိန်က ဘယ်လ်ဂျီယံဟာ ကမ္ဘာ့ဖလား ဗိုလ်စွဲဖို့အထိ ရေပန်းစားခဲ့တာ ဖြစ်သလို သူတို့အသင်းရဲ့ ကစားသမား အင်အားဟာလည်း ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်နိုင်လောက်တဲ့အထိကို တောင့်တင်းလွန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း တတိယပဲ ရခဲ့တယ်။ ၂၀၂၂ ကမ္ဘာ့ဖလားမှာတော့ အုပ်စုတောင် မကျော်နိုင်ခဲ့တဲ့အပြင် ရဂိုး(၁)လေးနဲ့ပဲ ကာတာကနေ အိမ်ပြန်ခဲ့ရပါတယ်။

Photo Credit: Squawka

အခုလည်း ယူရို-၂၀၂၄မှာ ဘယ်လ်ဂျီယံ က ယူကရိန်း ဆလိုဗက်ကီးယား ရိုမေးနီးယားတို့နဲ့ တစ်အုပ်စုတည်း ကျနေရင်း အုပ်စုအဖွင့်ပွဲမှာ ဆလိုဗက်ကီးယားကို ရင်ချိန်ရာမှာ နိုင်ပွဲရသင့်ပါလျက်နဲ့ လူကာကူက big chances အခွင့်အရေးကြီး (၃)ကြိမ် လွဲခဲ့တယ်။ သူ ဂိုးသွင်းခဲ့တဲ့ ဂိုး(၂)ဂိုးဟာလည်း VAR စစ်ဆေးချက်မှာ (၁)ဂိုးက လူကျွံ နောက် (၁)ဂိုးက လက်ထိနေလို့ ပယ်ဖျက်ခံခဲ့ရပါတယ်။ လူကာကူ ထရိုဆာ့ဒ် ဒိုကူတို့ဟာ အရည်အသွေးကောင်းတဲ့ ကစားသမားတွေ ဆိုပေမယ့်လည်း အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့သလို ဂိုး luck လည်း မရှိခဲ့ပဲ တိုင်ပတ်ခဲ့ရပါတယ်။

Photo Credit: The New York Times

ဒီရှုံးပွဲကြောင့် ဘယ်လ်ဂျီယံက အုပ်စုတက်ရေးမှာပါ အနည်းငယ် အကျပ်ရိုက်သွားနိုင်ပြီး ဒီအုပ်စုမှာ ဘယ်လ်ဂျီယံလို နောက်တစ်ဆင့်တက်ဖို့ ရေပန်းစားနေတဲ့ ယူကရိန်းဟာလည်း ရိုမေးနီးယားကိုပါ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြန်လို့ ဘယ်လ်ဂျီယံနဲ့ ယူကရိန်းတို့က ရုန်းကန်ရနိုင်ပါတယ်။ ဒါကြောင့် လာမယ့်ပွဲတွေမှာ ဘယ်လ်ဂျီယံ အနေနဲ့ ပွဲတွေကို အသေအချာ ချဉ်းကပ်ပြီး အုပ်စု လက်ကျန်ပွဲ(၂)ပွဲလုံးကို ရလဒ်ကောင်းအောင် မဖြစ်မနေ ကစားရပါတော့မယ်။

Featured Photo: SportsMax