လေ့ကျင့်ခန်းတွေ လုပ်ကြတဲ့အခါ နည်းစနစ်ကျဖို့က နံပါတ်တစ် အရေးကြီးဆုံးပါပဲ။ ကစားတဲ့ နည်းစနစ် မှားနေရင် ရလဒ်ထိရောက်မှုက နှေးကွေးနေမှာဖြစ်သလို အချိန်ကုန် လူပင်ပန်းတာပဲ အဖက်တင်ပြီး ဒဏ်ရာရနိုင်ခြေ တိုးစေနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ လူအများစု ပြုလုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်း ပြုလုပ်နည်း ပုံစံအမှားတွေကို ကွီးတို့ သတိထားပြင်လို့ရအောင် ပြောပြပေးချင်ပါတယ်။

(၁) Biceps Curl

Photo : Beachbody on Demand

လက်မောင်းကြွက်သားတွေ ကြီးထွားသန်မာဖို့ ဆော့ကြတဲ့ Biceps Curl လေ့ကျင့်ခန်းက အများဆုံး အမှား လုပ်မိကြတဲ့ လေ့ကျင့်ခန်း ပုံစံတစ်ခု ဖြစ်ပါတယ်။ အဓိက အမှားကတော့ အလေးကို မ,တင်ချိန်မှာ ခန္ဓာကိုယ်ကိုပါ နောက်သို့ လိုက်လန်သွားတာမျိုးပါ။ တကယ်တော့ လက်မောင်းညှစ်အားကိုပဲ သုံးပြီး အလေးကို မ,တင်ရမှာ ဖြစ်သလို တစ်ချိန်တည်းမှာ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားရမှာ ဖြစ်ပါတယ်။ ကစားတဲ့အခါမှာ အလေးတုံးဝိတ်ကို နိုင်သလောက်ပဲ ရွေးချယ်ကစားဖို့ အကြံပြုချင်ပါတယ်။

(၂) Dip

Photo : Beachbody on Demand

Dip ကတော့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေအတွက် နာမည်ကြီးတဲ့ ကိရိယာလွှတ် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ Dip လေ့ကျင့်ခန်း ကစားတဲ့အခါ ခန္ဓာကိုယ်ကို ရှေ့သို့ အရမ်းကိုင်းမနေစေဖို့ သတိပြုရမှာဖြစ်ပြီး ခန္ဓာကိုယ်ကို အောက်သို့ နှိမ့်ချလိုက်ချိန်မှာ တံတောင်ဆစ်ကို ပခုံးအမြင့်ထက်ကျော်ပြီး မနှိမ့်ချမိဖို့ လိုပါတယ်။ ပုံစံအမှန်ကတော့ ရင်ဘတ်ကို မြှင့်ထားပြီး Triceps ကို ဖြည်းဖြည်းချင်း နှိမ့်ချလိုက်ခြင်းဖြင့် ရင်အုပ်ကြွက်သားတွေ ထိအောင် ကစားရမှာ ဖြစ်ပါတယ်။

(၃) Pull-Up

Photo : Beachbody on Demand

Pull-Up ဆွဲတဲ့ အခါမှာလည်း သတိထားရမှာ တစ်ခုကတော့ ပခုံးနဲ့ ဇက်ကို ဆွဲကပ်ထားပြီး ရင်အုပ်ကို ဖွင့်မကစားတာပါ။ ပုံစံအမှန်က ပခုံးကြွက်သားတွေကို ဖြေလျော့ဆန့်ထုတ်ထားရပါမယ်။ ဦးခေါင်းကို‌ ခပ်မြင့်မြင့် မော့ထားကာ ရင်အုပ်ကို ဖွင့်ပြီး ခန္ဓာကိုယ်ကို အပေါ်သို့ ဖြည်းဖြည်းချင်း ဆွဲတင်ကစားရမှာ ဖြစ်ပါတယ်။

(၄) Overhead Dumbbell Press

Photo : Beachbody on Demand

Overhead Dumbbell Press ကစားတဲ့အခါ Bench နဲ့ ကျောကို တဖြောင့်တည်း ကပ်မထားပဲ ရှေ့သို့ ခပ်လျောလျော ပုံစံ ထိုင်တယ် ၊ တံတောင်ဆစ်တွေကို နံရိုးဘေးတစ်ဖက် တစ်ချက်စီမှာ ကပ်မထားပဲ ခန္ဓာကိုယ်ဘေးဘက်သို့ အရမ်းကားထားတယ် ၊ အလေးတုံးကို မ,တင်ချိန်မှာ ဦးခေါင်းအရှေ့ဘက် ၄၅ ဒီဂရီလောက် စောင်းပြီး ထွက်နေတယ်ဆိုရင် ကစားနည်းပုံစံ မှားပါတယ်။ အမှန်က Bench နဲ့ ကျောကို သေချာမတ်မတ် ကပ်ထိုင်ရမှာဖြစ်ပြီး အလေးတုံးကို ရင်အုပ်အပေါ်မှာ တင်ထားကာ ဦးခေါင်းအပေါ်သို့ မ,တင်ပေးရမှာ ဖြစ်ပါတယ်။

(၅) Plank

Photo : Beachbody on Demand

Plank လေ့ကျင့်ခန်းက လွယ်သလိုလိုနဲ့ ကစားနည်းပုံစံ တော်တော်များများ မှားကြပါတယ်။ Plank ထောက်တဲ့အခါ တင်ပါးကို အရမ်းမြှင့်ထားစရာ မလိုသလို အရမ်းကြီး အောက်သို့ လျောနေလို့လည်း မရပါဘူး။ ဦးခေါင်းကနေ ခြေဖနောင့်အထိ ခန္ဓာကိုယ်ဟာ တဖြောင့်တည်း တည့်တည့်မတ်မတ် ရှိနေမှာ ဖြစ်ပါတယ်။

Source : Beachbody on Demand

Featured Photo : Gymaholic