ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းဟာ စိတ်ပိုင်း/ရုပ်ပိုင်း ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ မကျန်းမာတဲ့ ခေတ်သစ် လူနေမှုပုံစံတွေအရ အဝလွန်ခြင်း ၊ ကိုယ်အလေးချိန် မြင့်မားခြင်းတွေက အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်လာနေပါတယ်။ ကိုယ်အလေးချိန် လျှော့ချမယ်ဆိုရင် သင့်တင့်မျှတတဲ့ အစာအာ ဟာရတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လေ့ကျင့် ခန်း ပုံမှန်လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် အခုပြောပြမယ့် အလေ့အကျင့်တွေကို လိုက်နာမယ်ဆိုရင်လည်း အမှန်တကယ် ဝိတ်ကျဖို့အတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။
(၁) သကြားစားသုံးမှု လျော့ချပါ

Photo : Complete Care
ဝိတ်ကျဖို့ အတွက် ကွီးတို့ လုပ်နိုင်တဲ့ အရေးကြီးဆုံးအရာက သကြားဓာတ်ကို တတ်နိုင်သမျှ လျော့ချဖို့ပါပဲ။ ထမင်းနဲ့ ကစီဓာတ်ပါတဲ့ အသီးအရွက်တွေလိုမျိုး ကစီဓာတ်စားသုံးမှုကိုလည်းအနည်းဆုံး တစ်ဝက်လောက် လျှော့ချဖို့ အရေးကြီးပါတယ်။
(၂) Diet Plan အတွက် တက်ကျွမ်းတဲ့ Nutritionist နဲ့တိုင်ပင်ပါ

Photo : Andrea Digestive Clinic
ပိုလွန်နေတဲ့ ကိုယ်အလေးချိန်ကို လျော့ချဖို့ နေ့စဉ်စားသုံးလိုက်တဲ့ အစာအာဟာရက အရေးကြီးပါတယ်။ သင့်တင်မျှတပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Diet Plan တစ်ခု ဖန်တီးတော့မယ်ဆိုရင် ကျွမ်းကျင်တဲ့ အာဟာရဗေဒပညာရှင် Nutritionist တစ်ယောက်နဲ့ တိုင်ပင်ပြီး ညွှန်ကြားချက်တွေကို သေသေချာချာ လိုက်နာဖို့ အကြံပြုချင်ပါတယ်။
(၃) အိမ်မှာကိုယ်တိုင် ချက်စားပါ

Photo : Health and Wellbeing Queensland
ဝိတ်ချဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် အပြင်စာတွေ လုံးဝဖြတ်တောက်လိုက်ပါ။ အရသာရှိပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို အိမ်မှာဘဲ ကိုယ်တိုင် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားတာအကောင်းဆုံး ဖြစ်ပါတယ်။ အစားအစာတွေထဲမှာ ဟင်းသီးဟင်းရွက်၊ အဆီနည်းတဲ့ ပရိုတင်းဓာတ်နဲ့ အစေ့အဆန်တွေ ပါဝင်ပါစေ။ ဒါ့အပြင် တစ်နေ့ကို အနည်းဆုံး အမျှင်ဓာတ် ၄၀ ဂရမ်လောက် စားသုံးပေးဖို့လည်း လိုပါတယ်။
(၄) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာတွေ ရွေးချယ်ပါ

Photo : Eat This, Not That
အဆာပြေ သရေစာအတွက် အာလူးကြော်၊ ဆိုဒါနဲ့ အခြား ကယ်လိုရီများတဲ့ အစားအစာတွေ တက်နိုင်သလောက် ရှောင်ပါ။ လတ်ဆတ်တဲ့ အသီးအနှံတွေ ၊ ပန်းသီး၊ မုန်လာဥနီ၊ ငှက်ပျောသီး တို့လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာတွေကို ဦးစားပေးစားသုံးပေးသင့်ပါတယ်။
(၅) အိပ်ရေးဝဝအိပ်ပါ

Photo : JHU Hub – Johns Hopkins University
ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ဇီဝဖြစ်စဉ်ကိုကောင်းမွန်စေဖို့ အိပ်စက်ခြင်းက အရေးကြီးပါတယ်။ အမှန်တကယ် ဝိတ်ကျ ချင်တယ်ဆိုရင် တစ်ရက်ကို အနည်းဆုံး ၇ – ၉ နာရီခန့် လုံလုံလောက်လောက် အိပ်စက်အနားယူဖို့ လိုပါတယ်။
(၆) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Photo : Men’s Journal
လမ်းလျောက်တာ ခပ်ရွရွပြေးတာလိုမျိုး နှလုံးသွေးကြောဆိုင်ရာ Cardiovascular လေ့ကျင့်ခန်းတွေက အမှန်တကယ် ဝိတ်ကျဖို့ ကူညီပေးနိုင်ပါတယ်။ တစ်ရက်ကို ၄၅ မိနစ် ခန့် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးမယ်ဆိုရင် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန်လျော့ကျလာစေမှာ ဖြစ်ပါတယ်။
Featured Photo : Stretch 22

