ပိန်နေလို့ Weight Gain ကစားချင်ပါတယ်ဆိုတဲ့ ကွီးတို့ ရှိပါသလား ? ဝိတ်ကျဖို့က ခက်တယ်လို့ ထင်ရပေမယ့် တကယ်တော့ ဝိတ်တင်တာက ပိုခက်ပြီး အချိန်လည်း ပိုပေးရပါတယ်။ အဓိကအားဖြင့် Weight Loss နဲ့ ဆန့်ကျင်ဘက် Weight Gain လုပ်မယ်ဆိုရင် တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီပမဏထက် အနည်းငယ် ပိုစားပေးရမှာဖြစ်သလို ပရိုတင်းဓာတ် ၊ လတ်ဆတ်တဲ့ အသီးအရွက်တွေကိုလည်း မျှတအောင် စားပေးဖို့ လိုအပ်ပါတယ်။ အစားအသောက် နေထိုင်မှုပုံစံနဲ့အတူ လေ့ကျင့်ခန်း လုပ်ခြင်းကလည်း ဝိတ်တင်မယ့်သူတွေအတွက် မပါမဖြစ်ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ အိမ်မှာပဲ ပေါ့ပေါ့ပါးပါး Weight Gain ကစားချင်တဲ့ ကွီးတို့အတွက် လေ့ကျင့်ခန်း နည်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) Squats

Photo : Men’s Health

Squats လေ့ကျင့်ခန်းကတော့ ပေါ့ပေါ့ပါးပါးနဲ့ ဝိတ်တင် ချင်သူတွေ ကစားနိုင်မယ့် အကောင်ဆုံး လေ့ကျင့်ခန်း တစ်ခုပါ။ ဒီလေ့ကျင့်ခန်းက Lower Body ရဲ့ ကြံ့ခိုင်မှုကို တိုးစေသလို အောက်ပိုင်းကြွက်သားအစိတ်အပိုင်းတွေဖြစ်တဲ့ ပေါင် ၊ တင်ပါးဆုံ နဲ့ ခြေထောက် မာဆယ်တွေကို ကျစ်လစ်သန်မာစေဖို့ ကူညီပေးပါတယ်။ Squats လေ့ကျင့်ခန်းကို ကိရိယာလွှတ်ကစားနိုင်သလို အလေးတုံးတွေနဲ့ ကစားလို့ ရပါတယ်။

(၂) Push-Ups

Photo : Tunturi Fitness

Push-Ups ကတော့ ဝိတ်တင် မယ့် ကွီးတွေ ကျော်မသွားရမယ့် လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။ ရင်အုပ် ၊ ပခုံး ၊ လက်မောင်းနဲ့ နောက်ကျော ကြွက်သားတွေရဲ့ ကြံ့ခိုင်သန်မာမှုကို တိုးစေပြီး Upper Body တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ မာဆယ်ထု တက်စေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်း တစ်ခုပါ။ ဒါ့အပြင် Push-Ups လေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သားတွေကို ကျစ်လစ်လာစေဖို့ အထောက်အကူ ပြုပါတယ်။

(၃) Bench Dips

Photo : Steel Supplements

ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေ ကြီးထွားသန်မာလာစေဖို့ ကူညီပေးမယ့် အကောင်းဆုံး လေ့ကျင့်ခန်းကတော့ Dips ပါပဲ။ ဒီလေ့ကျင့်ခန်းက ကြွက်သားထုကို တက်စေသလို ခန္ဓာကိုယ် ရဲ့ Strength ကိုလည်း တိုးစေဖို့ ကူညီပေးပါတယ်။ အခုပြောတဲ့ Bench Dips လေ့ကျင့်ခန်းကတော့ အိမ်မှာရှိတဲ့ ထိုင်ခုံ သို့မဟုတ် စားပွဲတစ်လုံးနဲ့ ကစားလို့ ရပါတယ်။ Bench Dips လေ့ကျင့်ခန်းက Triceps Chest နဲ့ Shoulders မာဆယ်အစိတ်အပိုင်းတွေကို ကျစ်လစ်သန်မာလာစေမှာပဲ ဖြစ်ပါတယ်။

(၄) Pull-Ups

Photo : JOE

ကြွက်သားတည်ဆောက်ဖို့နဲ့ ဝိတ်တင် ဖို့အတွက်ဆိုရင် ဘားဆွဲလေ့ကျင့်ခန်းလို့ လူသိများတဲ့ Pull-Ups လေ့ကျင့်ခန်းကိုလည်း မေ့ထားလို့ မရပါဘူး။ Pull-Ups လေ့ကျင့်ခန်းက ခိုင်ခံ့တဲ့ ဘားတန်းတစ်ခုရှိရင်နဲ့ ကစားနိုင်ပြီး လက်မောင်းကြွက်သားတွေနဲ့ နောက်ကျော ကြွက်သားတွေရဲ့ ကြံ့ခိုင်မှုသန်မာမှုအတွက် အဓိက အထောက်အကူ ဖြစ်စေပါတယ်။

(၅) Crunches

Photo : Eat This Not That

အဆီစုလွယ်ပြီး အဆီချေဖျက် ရခက်တဲ့ ကြွက်သားအစိတ်အပိုင်းကတော့ ဗိုက်ပါပဲ။ ဒါပေမယ့် Crunches ကတော့ ဗိုက်က အဆီတွေကို ဖြုတ်ချပေးနိုင်ပြီး ကွီးတို့အားလုံး လိုချင်တဲ့ Six Pack မာဆယ်တွေအထိ ထွက်ပေါ်လာစေဖို့ ကူညီပေးနိုင်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပါ။ ရိုးရိုးရှင်းရှင်းနဲ့ လွယ်ကူတဲ့ ဗိုက်လေ့ကျင့်ခန်း ကစားဖို့အတွက်ဆိုရင်တော့ Crunchesက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

Source : magicpin

Featured Photo : Healthkart