အာဆင်နယ် အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အသင်းဆီ ခေါ်ဆောင်ခဲ့ပြီးနောက် အခုလည်း နောက်ထပ် ချယ်လ်ဆီး ကစားသမားဖြစ်သူ ကိုင်ဟာဗက်ဇ်ကိုပါ ထပ်မံ ပစ်မှတ်ထားလာခဲ့ပြန်ပါတယ်။

Photo Credit : talkSPORT

နွေဈေးကွက် မဖွင့်လစ်ခင်ကတည်းက လန်ဒန်မြို့ခံကလပ် ဝက်စ်ဟမ်းအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို အဓိက ပစ်မှတ်ထားနေတဲ့ အာဆင်နယ် ဟာ ရိုက်စ်ကို အပြီးသတ် မခေါ်ယူနိုင်ခင်မှာပဲ ဟာဗက်ဇ်ကို မျက်စိကျလာခဲ့ပါတယ်။ ဂျာမနီသားလေး ဟာဗက်ဇ်က ဒီနွေမှာ ချယ်လ်ဆီးကနေ ရှင်းထုတ်ခံရဖွယ် ရှိနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူ့ကိုလည်း ရီးယဲလ် မက်ဒရစ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့် ချယ်လ်ဆီးဘက်က သူတို့ ကစားသမားအတွက် ပေါင် (၇၅)သန်းခန့် လိုချင်နေပြီး ရီးယဲလ်ကလည်း သန်း (၆၀)ထက် ပိုမပေးလိုတာကြောင့် ခေါ်ယူဖို့ လက်လျှော့ခဲ့ပါတယ်။

Photo Credit : 101 Great Goals

အခုတော့ ဟာဗက်ဇ်ကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ အာတေတာရဲ့ အာဆင်နယ် အသင်းပါ ပါဝင်လာခဲ့ပြီဖြစ်ပြီး မကြာခင်မှာပဲ တရားဝင် ကမ်းလှမ်းမှုတွေကို လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ဒါပေမယ့် အာဆင်နယ်က ဘာကြောင့် ဟာဗက်ဇ်ကို ခေါ်ယူချင်လာရသလဲဆိုတာ စဉ်းစားစရာပါ။ ဟာဗက်ဇ်က သူ့အသင်းဟောင်း လေဗာကူဆင်နဲ့ ဂျာမနီ လက်ရွေးစင်အသင်းတွေမှာ နံပါတ် (၁၀)နေရာမှာ ကစားခဲ့တာ ဖြစ်ပေမယ့် ချယ်လ်ဆီးမှာတော့ တိုက်စစ်ကို ပိုမို လိုက်ပါရပြီး တိုက်စစ် ကစားသမားအဖြစ်သာ ပိုမို ကစားထားခဲ့ရပါတယ်။

Photo Credit : Bavarian Football Works

တကယ်လို့ အာဆင်နယ်က ဟာဗက်ဇ်ကို နံပါတ်(၁၀)နေရာမှာ အသုံးပြုသွားဖို့ ခေါ်ယူချင်နေတာဆိုရင် အသင်းခေါင်းဆောင် အိုဒီဂတ်က နံပါတ် (၈)နေရာ ဆင်းကစားပေးရဖွယ် ရှိနိုင်ပါတယ်။ ချယ်လ်ဆီးဘက်ကတော့ သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို အနိမ့်ဆုံး ပေါင် သန်း(၇၀)လောက် ရမယ်ဆိုရင် ရောင်းချသွားမှာဖြစ်လို့ အာဆင်နယ် အနေနဲ့ ချယ်လ်ဆီး လိုချင်နေတဲ့ ပမာဏမျိုးနဲ့ ကမ်းလှမ်းသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

Feaured Photo : Clutch Points