မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ အဓိက ပစ်မှတ်ဖြစ်သူ တော့တင်ဟမ် တိုက်စစ် ကစားသမား ဟာရီကိန်း ကို ဒီနွေမှာ အရ ခေါ်ယူမယ့် အစီအစဉ်အား အဆုံးသတ်လိုက်ပြီ ဖြစ်သလို ဒီဆုံးဖြတ်ချက်ကိုလည်း အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်က လက်ခံသွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Planet Sport

အသင်း တိုက်စစ်ပိုင်းအတွက် အထောင် တိုက်စစ်ကစားသမားကောင်း တစ်ဦးကို မဖြစ်မနေ အားဖြည့်သွားဖို့ လိုအပ်နေတဲ့ ယူနိုက်တက်အသင်းက တော့တင်ဟမ် စပါးရဲ့ အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိန်းကို main target အဖြစ် သတ်မှတ်ထားပြီး အသင်းရဲ့ အလိုရှိဆုံးအဖြစ် သတ်မှတ်ထားသော်လည်း စပါးအသင်းဘက်က သူတို့ ကစားသမားကို ရောင်းချဖို့ တွန့်ဆုတ်နေသလို တကယ်လို့ ခေါ်ယူချင်ရင်တောင် ပြောင်းရွှေ့ကြေး ပေါင် သန်း (၁၀၀)ကျော်အထိ ဈေးသတ်မှတ်ထားတာကြောင့် ခေါ်ယူဖို့က အရမ်း ခက်ခဲလာခဲ့ရပါတယ်။

Photo Credit : Planet Sport

ဒါကြောင့်ပဲ ယူနိုက်တက်က ကိန်းကို ခေါ်ယူဖို့ လက်လျှော့လိုက်ရတာဖြစ်ပြီး အသက်(၂၉)နှစ်အရွယ်ရှိပြီး စာချုုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိနေတော့တဲ့ ကစားသမားတစ်ဦးအတွက် စပါးဘက်ကနေ တောင်းဆိုထားတာတွေက လက်တွေ့မဆန်ဘူးလို့ ယူဆမိလာခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ နောက်ထပ် ပစ်မှတ်တစ်ဦးဖြစ်သူ နာပိုလီ တိုက်စစ် ကစားသမား ဗစ်တာ အိုဆင်မန်ဟာလည်း ပြောင်းရွှေ့ကြေး ပေါင် သန်း(၁၃၀)လောက်အထိ ရှိနေသလို ဒီကစားသမားကိုလည်း ကလပ်အသင်းများစွာက အပြိုင်အဆိုင် ပစ်မှတ်ထားနေတာဖြစ်လို့ ဒီတစ်ယောက်ကိုပါ လက်လျှော့လိုက်ရပါတယ်။

Photo Credit : Football Transfer

လက်ရှိမှာတော့ အသင်းရဲ့ ဘတ်ဂျက် အနေအထားနဲ့ ခေါ်ယူဖို့ အဖြစ်နိုင်ဆုံး ကစားသမားက အတ္တလန်တာရဲ့ ဒိန်းမတ် ကစားသမားလေး ဟိုက်လန်းပါပဲ။ ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်လို အသင်းကြီး တစ်သင်းဆီကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေသလို ပြောင်းရွှေ့ကြေးအရ ဆိုရင်လည်း ကိန်း အော်ဆီမန်တို့ထက် ဈေးသက်သာနိုင်တာမို့ ဟိုက်လန်းကိုပဲ ခေါ်ယူသွားနိုင်ပြီး အခုလည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ သတင်းထွက်ပေါ်နေပါတယ်။

Featured Photo : Sky Sports