အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီဆိုရင် ကွီးတို့ရင်ဆိုင်ရမယ့် ပြဿနာတွေက အများကြီးပါ။ အဓိကအားဖြင့် မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေနဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါ တွေ (STIs) ရဲ့ အန္တရာယ်အပြင် အခြားသော နောက်ဆက်တွဲ ဆိုးကျိုးများစွာကို ကြုံတွေ့ရနိုင်ပါတယ်။ အကယ်၍ မမျှော်လင့်ပဲ အကာအကွယ်မဲ့ ချစ်တင်းနှော မိသွားတယ် ဒါမှမဟုတ် အတူနေချိန်မှာ ကွန်ဒုံးသုံးပေမယ့် ပေါက်ပြဲတာ ၊ ချော်ထွက်တာလို ပြဿနာတွေရှိခဲ့လို့ အကာအကွယ်မဲ့ လိင်ဆက်ဆံသလို ဖြစ်ခဲ့တယ်ဆိုရင် ဘာဆက်လုပ်ရမလဲဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြပေးချင်ပါတယ်။

(၁) စိတ်အေးအေးနဲ့ အစီအစဉ်ချပါ

Photo : University of Colorado Boulder

မရည်ရွယ်ပဲ အကာအကွယ်မဲ့ ချစ်တင်းနှော မိသွားတယ်ဆိုရင် အရင်ဆုံး စိတ်ကို တည်တည်ငြိမ်ငြိမ်ထားဖို့ အကြံပေးပါရစေ။ သွေးပူပြီး ပြာရာခတ်မနေပဲ အခြေအနေအားလုံးကို သေချာတဆင့်ချင်းကို ကိုင်တွယ်ဖြေရှင်းပါ။ ပထမဆုံး ပါတနာနဲ့ ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင် ရပါမယ်။ ကိုယ်ဝန်ရနိုင်ခြေနဲ့ ရောဂါကူးစက်ခံရမှုတွေကို ကာကွယ်ဖို့ ဘယ်လိုနည်းလမ်းတွေ လုပ်ဆောင်ကြမလဲဆိုတာကို အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ပါ။ အကယ်၍ လိင်မှုကျန်းမာရေးနဲ့ ပတ်သတ်ပြီး သိထားတာ မရှိဘူး ၊ ဘာဆက်လုပ်ရမလဲဆိုတာ သေချာမသိဘူးဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု စင်တာတွေ ၊ လိင်မှုဆိုင်ရာ ကျွမ်းကျွင်ဆရာဝန်တွေထံ နာရီပိုင်းအတွင်း ဖုန်းနဲ့ ဖြစ်စေ ၊ လူကိုယ်တိုင် ဖြစ်စေ ဆက်သွယ်ပြီး အကာအကွယ်မဲ့ ချစ်တင်းနှောခဲ့ကြောင်း ပြောပြကာ လိုက်နာလုပ်ဆောင် ရမယ့်အဆင့်တွေကို မေးမြန်းသင့်ပါတယ်။

(၂) အရေးပေါ် သန္ဓေတားဆေး သောက်ပါ

Photo : Lovima

အကာအကွယ်မဲ့ ချစ်တင်းနှော မိရင် ကိုယ်ဝန်မရအောင် ကာကွယ်ဖို့ ရွေးချယ်စရာ ၂ ခု ရှိပါတယ်။ ပထမတစ်နည်းကတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် နာရီပေါင်း ၁၂၀ ( ၅ ရက် ) အတွင်း သားအိမ်အတွင်းထည့် သန္ဓေတား ပစ္စည်း (IUD) ထည့်နိုင်ပါတယ်။ နောက်တစ်နည်းကတော့ အားလုံးသိပြီးသားဖြစ်တဲ့ Emergency Contraception Pill သို့မဟုတ် Morning-After Pill လို့ခေါ်တဲ့ အရေးပေါ် သန္ဓေတားဆေးကို ၇၂ နာရီအတွင်း (မြန်မြန်သောက်လေ ပိုထိရောက်လေ) သောက်နိုင်ပါတယ်။

(၃) လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါ (STIs) စစ်ဆေးပါ

Photo : Clinical Lab Products

လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါ (STIs) တွေကို အကာအကွယ်မဲ့ ချစ်တင်းနှော ပြီးနောက် ၃ ရက် ကနေ ၅ ရက်အတွင်း စစ်ဆေးသင့်ပါတယ်။ ဆီးပူညောင်းကျရောဂါ (Gonorrhoea) ၊ ကလက်မိုင်ဒီးယား (Chlamydia) ၊ ဆစ်ဖလစ် (Syphilis) တို့လို ကာလသားရောဂါတွေဟာ ရက်အနည်းငယ်ကနေ ရက်သတ္တပတ်အနည်းငယ်အတွင်း ကူးစက်ခံရမှု ရှိမရှိကို စစ်ဆေးနိုင်ပြီး ကိုယ်ခံအားကျဆင်းမှုဗိုင်းရပ်စ် (HIV) ရောဂါပိုးကတော့ အချိန်ကာလ ၃ လ အတွင်း စစ်းဆေးနိုင်ပါတယ်။

(၄) PEP ဆေးသောက်ပါ

Photo : One2One Kenya

Post Exposure Prophylaxis (PEP) လို့ခေါ်ပါတယ်။ ဒီဆေးက HIV ပိုးကို ကာကွယ်ပေးတဲ့ အရေးပေါ်သောက်ဆေး ဖြစ်ပါတယ်။ HIV ပိုး ရှိသူ ဒါမှမဟုတ် HIV ပိုးရှိနိုင်တယ်လို့ သံသယရှိသူနဲ့ အကာအကွယ်မဲ့ ချစ်တင်းနှော ပြီးနောက်မှာ ၇၂နာရီအတွင်း PEP ဆေးကို သောက်ပေးရမှာပါ။ PEP ဆေးဟာ HIV ပိုးကူးစက် ခံရမှု မရှိစေဖို့ တားဆီးကာကွယ်ပေးတဲ့ အရေးပေါ် ကာကွယ်ဆေးဖြစ်ပြီး မြန်မြန်သောက်လေ အာနိသင်ပိုရှိလေပါ။ နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်ဖို့ အကြံပေးချင်ပါတယ်။

Source : Verywell Health

Featured Photo : Cutica Health