ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကြီး ကျင်းပပြီးစီးသွားချိန် ရက်ပိုင်းအကြာလောက်မှာပဲ အင်္ဂလန် နည်းပြ ဂါရတ် ဆောက်ဂိတ်က နည်းပြရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဒါက Breaking News တစ်ခု ဖြစ်သွားခဲ့ပေမယ့်လည်း ဘောလုံးပရိသတ် အများစုအတွက်ကတော့ အံ့အားသင့်စရာ သတင်းမျိုး ဖြစ်မနေပဲ ကြိုတင် မျှော်လင့်ထားတဲ့ သတင်းမျိုးသာ ဖြစ်နေရပါတယ်။

Photo Credit: FOX Sports

အင်္ဂလန်အသင်းကို အားပေးသူတွေနဲ့ ဘောလုံးပရိသတ် တချို့ကတော့ အင်္ဂလန်ဟာ နည်းပြ ဆောက်ဂိတ်ကို စောစောစီးစီး ထုတ်ပယ်ဖြစ်ခဲ့မယ်ဆိုရင် အင်္ဂလန်အတွက် ပိုကြီးတောင် အကျိုးရှိလိမ့်မယ်လို့ပါ မှတ်ချက်ပြုကြပါသေးတယ်။ ဒါပေမယ့်လည်း အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)ကတော့ ဆောက်ဂိတ်မှ ဆောက်ဂိတ် ဖြစ်နေခဲ့ပြီး ၂၀၁၆ခုနှစ် ၂၀၂၄ခုနှစ် နှစ်ဝက်ပိုင်းအထိပါ တာဝန်ပေးခဲ့ပါတယ်။ ဆောက်ဂိတ်ကလည်း အင်္ဂလန်ကို သူ ကိုင်တွယ်နေစဉ်အတွင်းမှာ ဆုဖလား အောင်မြင်မှုနဲ့ စွဲမက်ဖွယ် ကစားကွက်တွေ မလုပ်ပြနိုင်ခဲ့သည်တိုင် အသင်းကိုတော့ ယူရို-၂၀၂၀နဲ့ ယူရို-၂၀၂၄ တွေမှာ ဖိုင်နယ်အဆင့်ဆီ (၂)ကြိမ်ဆက် ပို့ဆောင်ပေးခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း စတုတ္ထနေရာ ရရှိခဲ့ပါသေးတယ်။

Photo Credit: Sporting Life

အခုတော့ ဆောက်ဂိတ်က အင်္ဂလန်နည်းပြ ရာထူးကို စွန့်ခွာခဲ့ပါပြီ။ အင်္ဂလန်အတွက် ဒီထက်ပိုပြီး မစွမ်းဆောင်ပေးနိုင်တော့တဲ့ အခြေအနေကို သတိထားမိလာခဲ့တဲ့ ဆောက်ဂိတ်က သူရဲ့ ရာထူးကို စွန့်ခွာလိုက်ချိန်မှာ FA ဘက်ကနေ နည်းပြသစ်တစ်ဦးကို ရှာဖွေသွားရဖို့ အကြောင်းဖန်လာရပါတယ်။ ဆောက်ဂိတ်နေရာမှာ အစားထိုးဖို့ အတွက်ဆိုပြီး သတင်းထွက်လာတဲ့ နည်းပြတွေကတော့ မနည်းမနောပါပဲ။ လီဗာပူးလ် နည်းပြဟောင်းကြီး ယာဂန် ကလော့ပ် ၊ ဒီရာသီအကုန်မှာ မန်စီးတီးနဲ့ သက်တမ်းကုန်တော့မယ့် ဂွာဒီယိုလာတို့ အပါအဝင် အက်ဒီဟောင်း ၊ ဂရေဟမ် ပေါ်တာ ၊ ပိုချက်တီနို ၊ သောမတ်စ် တူဟယ်လ် ၊ လမ်းပတ် ၊ ဂျရတ်နဲ့ လက်ရှိ အင်္ဂလန် အမျိုးသမီးအသင်း နည်းပြပါ အင်္ဂလန်နည်းပြ ရာထူးအတွက် သတင်းထွက်ခဲ့ပါတယ်။

Photo Credit: Sporting Life

အခုဆိုရင်တော့ FA ဘက်က လစ်လပ်နေတဲ့ အင်္ဂလန်နည်းပြ ရာထူးအတွက် လျှောက်လွှာတွေကို လာမယ့် သြဂုတ် (၂)ရက်နေ့အထိ လက်ခံသွားမယ်လို့ အသိပေးခဲ့ပြီး အင်္ဂလိပ်ဘောလုံးနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိသူဖြစ်ဖို့ လိုအပ်တယ်လို့လည်း စည်းကမ်းချက် ထုတ်ထားခဲ့ရာ အက်ဒီဟောင်း ၊ ပေါ်တာ ၊ ပိုချက်တီနိုတို့လို ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ နည်းပြတွေက အင်္ဂလန် နည်းပြသစ် ဖြစ်လာနိုင်ဖွယ် ရှိနေရပါတယ်။

Featured Photo: The Independent