အစားအစာနဲ့ အသားအရေ ပြဿနာဟာ ဆက်စပ်နေတာပါ။ အဓိကကတော့ သွေးထဲမှာ အင်ဆူလင် ပိုလျှံလာတဲ့အခါ အဆီဂလင်းတွေကနေ အဆီတွေ ပိုထွက်လာပြီး ဝက်ခြံ ဖြစ်နိုင်ခြေကို တိုးစေတာ ဖြစ်ပါတယ်။ အခုပြောပြမှာက ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ပမာဏကို မြင့်တက်စေပြီး ဝက်ခြံတွေ ဖြစ်စေနိုင်တဲ့ အစားအစားတွေ အကြောင်းပါ။
(၁) သန့်စင်ထားတဲ့ အစေ့အဆန်များ

Photo : Washington Post
Refined Grains လို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် ချော့မွေ့အောင် သန့်စင်ထားတဲ့ အစေ့အဆံတွေပါ။ ဆန်ဖြူ ၊ ပါစတာ ၊ ဂျုံချောကနေ ထုတ်ထားတဲ့ ပေါင်မုန့်နဲ့ သန့်စင်ပြီးသား အစေ့အဆံတွေ အားလုံးပါပါတယ်။ ဒီအစားအစာတွေက သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်ပမာဏကို တိုးစေပြီး ဝက်ခြံဖြစ်နိုင်ခြေကို ပိုများစေပါတယ်။
(၂) နို့ထွက်ပစ္စည်းများ

Photo : Harvard Health
နို့ထွက်ပစ္စည်းတွေနဲ့ ဝက်ခြံပြဿနာကြားမှာ ဆက်စပ်မှုတွေ အများကြီးရှိတယ်လို့ သုတေသနများစွာမှာလည်း ဖော်ပြထားပါတယ်။ နို့ထွက်ပစ္စည်းတွေ စားသုံးခြင်းဟာ အင်ဆူလင်ပမာဏကို တိုးမြင့်စေပြီး ဝက်ခြံ ပြဿနာကို ပိုမိုပြင်းထန်စေပါတယ်။
(၃) သန့်စင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်

Photo : MasterClass
သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေဟာ နှလုံး ၊ ဆီးချိုနဲ့ အဝလွန်နိုင်ခြေကို တိုးစေပြီး ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ သန့်စင်ထားတဲ့ သကြားအပါအဝင် သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို စားသုံးတာဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျရောဂါကို တိုးစေပြီး အသားအရေနဲ့ ဝက်ခြံ ပြဿနာတွေကို ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။
(၄) Whey Protein Powder

Photo : Men’s Journal
Whey Protein Powder ဟာ Gym ကစားတဲ့သူတွေ တော်တော်များများ မှီဝဲဖြစ်တဲ့ ဖြည့်စွက်အစားအစာ တစ်ခုပါ။ Whey Protein မှာ အမိုင်နိုအက်ဆစ် ၊ Leucine နဲ့ Glutamine ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါတွေဟာ ဝက်ခြံ ပြဿနာနဲ့ ဆက်စပ်နေတဲ့ အဓိကအကြောင်းအရင်းတွေပါပဲ။ အမိုင်နိုအက်ဆစ်ဟာ ခန္ဓာကိုယ်ရဲ့ အင်ဆူလင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး ဝက်ခြံဖြစ်နိုင်ခြေကို တိုးမြင့်စေတာ ဖြစ်ပါတယ်။
(၅) ချောကလက်

Photo : Healthline
အနက်ရောင်ချောကလက်ဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတစ်ခု ဖြစ်ပေမယ့် နေ့စဉ် ၂၅ ဂရမ်နဲ့အထက် စားသုံးမယ်ဆိုရင်တော့ ဝက်ခြံ ပြဿနာကို ဖြစ်လာစေနိုင်တယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ချောကလက်က ဘာကြောင့် ဝက်ခြံပြဿနာကို ဖြစ်စေတာလဲဆိုတာ အတိအကျ မသိရပေမယ့် အချို့သော သုတေသနပြုချက်တွေမှာတော့ ချောကလက်စားခြင်းဟာ အရေပြားရဲ့အပေါ်ယံအလွှာကို ပျက်စီးစေပြီး ဝက်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုးပွားစေတာကြောင့်လို့ ဆိုပါတယ်။
Featured Photo : Stryx

