ကီရန် မက်ကန်နာ ဆိုတဲ့ အင်္ဂလန် ကွင်းလယ်လူဟာ ဘောလုံးသမားဘဝအတွင်းမှာ ဘာမှ သိပ်ထူးထူးခြားခြား လုပ်ဆောင်ပြနိုင်း မရှိခဲ့သလို ဒဏ်ရာပြဿနာတွေကြောင့် အသက် (၂၂)အရွယ်နဲ့ပဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဘောလုံးအားကစားအပေါ် ချစ်မြတ်နိုးသူဖြစ်တဲ့ မက်ကန်နာက နည်းပြပညာတွေ သင်ယူရင်း ကစားသမားဘဝရဲ့ နောက်ဆုံးကလပ် စပါးအသင်းမှာ လူငယ်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

Photo Credit: Reuters

တစ်နှစ်ခန့် အကြာမှာတော့ မန်ချက်စတာ ယူနိုက်တက် လူငယ်အသင်းနည်းပြအဖြစ် ပြောင်းလဲ လုပ်ဆောင်ခဲ့တဲ့ မက်ကန်နာဟာ ယူနိုက်တက်မှာ ယာယီနည်းပြ ကာရစ်ရဲ့ လက်ထောက် ၊ မော်ရင်ဟို ဆိုးလ်ရှားနဲ့ ရန်းနစ်တို့ရဲ့ လက်ထောက်နည်းပြအဖြစ် ဆက်တိုက် ဆောင်ရွက်ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းမှာပဲ မက်ကန်နာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီး လပိုင်းအကြာမှာပဲ သူ့ကို အစ်ဝစ်ချ်အသင်းက အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

Photo Credit: Goal

အဲ့ဒီအချိန်တုန်း အစ်ဝစ်ချ်ဟာ လိဂ်ဝမ်းမှာပဲ ရှိနေသေးပြီး ရလဒ်တွေလည်း ဆိုးရွှားနေပေမယ့် မက်ကန်နာကို ခန့်အပ်ပြီးချိန်မှာတော့ အသင်းက အခြေအနေ ပြန်ကောင်းလာခဲ့ကာ ရာသီကုန်မှာ အဆင့်(၁၁)နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၂၂-၂၃ ဘောလုံးရာသီမှာတော့ နည်းပြ မက်ကန်နာက သူရဲ့ အစ်ဝစ်ချ်တောင်းအသင်းကို အဆင့်(၂)နေရာနဲ့ ချန်ပီယံရှစ်ပြိုင်ပွဲဆီ တန်းတက်နိုင်အောင် စွမ်းဆောင်ခဲ့ပါတယ်။

Photo Credit: Sky Sports

မက်ကန်နာရဲ့ အစ်ဝစ်ချ်အသင်းဟာ ချန်ပီယံရှစ်ဆီကို တန်းတက်လာခဲ့တဲ့ ဘောလုံးရာသီဖြစ်တဲ့ ဒီရာသီမှာပဲ နောက်ထပ် အံ့အားသင့်လောက်စရာ စွမ်းဆောင်မှုတွေနဲ့အတူ အဆင့်(၂)နေရာနဲ့ပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီ တန်းတက်နိုင်အောင်ပါ ထပ်မံ လုပ်ဆောင်ပေးခဲ့ပါတယ်။ တကယ်တော့ အစ်ဝစ်ချ်အသင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၂)ကတည်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပြီး လိဂ်ဝမ်းအထိပါ ကျဆင်းခဲ့ရပါတယ်။ ဒီအခြေအနေတွေကို အသက် (၃၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ နည်းပြ မက်ကန်နာက မှော်ဆန်ဆန်နဲ့ ပြောင်းလဲပစ်ခဲ့ပြီး အခုဆိုရင် အစ်ဝစ်ချ်အသင်းက လာမယ့်ရာသီအတွက် စောင့်ကြည့်ချင်စရာ ကလပ်အသင်း တစ်သင်း ဖြစ်လာခဲ့ရသလို မက်ကန်နာ ကလည်း အသင်းတိုင်း လိုချင်တဲ့ နည်းပြတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

Featured Photo: Sky Sports