မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာဟာ လက်ရှိမှာ free agent player တစ်ဦး ဖြစ်နေပြီး သူ ပြောင်းရွှေ့ချင်တဲ့ အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ စိတ်ကြိုက် ပြောင်းရွှေ့လို့ ရနေပေမယ့်လည်း အခုအချိန်ထိတော့ ဒီဂီယာက အသင်းသစ် တစ်သင်းဆီ ပြောင်းရွှေ့ရခြင်း မရှိသေးပဲ အသင်းလက်မဲ့ အဖြစ်နဲ့သာ ကျန်ရှိနေရပါတယ်။

Photo Credit : talkSPORT

ယူနိုက်တက်အသင်းမှာ ဆယ်စုနှစ်ကျော်လောက်အထိ ပါဝင်ကစားရင်း ဘောလုံးရာသီတိုင်းလိုလိုမှာ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး ရီးယဲလ် မက်ဒရစ်အသင်းရဲ့ အလိုချင်ခဲ့ဆုံး ဂိုးသမားတစ်ဦးပါ ဖြစ်လာခဲ့ရတဲ့ ဒီဂီယာဟာ လက်ရှိမှာတော့ အသင်းလက်မဲ့ ဖြစ်နေရပါတယ်။ ဒီဂီယာ အသက် (၃၂)နှစ်သာ ရှိနေသေးတဲ့ ထိပ်တန်း ဂိုးသမားတစ်ဦးက ဒီလိုအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတယ်ဆိုတာ တော်တော်လေး လက်ခံရ ခက်ခဲစေပြီး သူ့လို အသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့တဲ့ ဂိုးသမားတစ်ဦးကို အသာအယာလေး လက်လွတ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ဆုံးဖြတ်ချက်ကလည်း နားလည်ရ ခက်ပါတယ်။

Photo Credit : Eurosport

အခုတော့ ဒီဂီယာနေရာ အစားဝင်လာတဲ့ အိုနာနာက ဘုန်းတစ်ဂိုးရှင် ဖြစ်နေရပြီး save တွေ ဘယ်လိုလုပ်လုပ် လုံးဝ ဖမ်းမိနိုင် ကာကွယ်နိုင်မယ့် ဂိုးကန်သွင်းမှုတွေကိုတောင် အလွယ်တကူ ဂိုးပေးနေရတာက ယူနိုက်တက်အတွက် အကျပ်ရိုက်စရာပါ။ အိုနာနာက ခုလို အခက်အခဲတွေနဲ့ ကြုံတွေ့နေချိန်မှာ ဒီဂီယာကလည်း သူရဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းဖို့ ခက်ခဲနေပါတယ်။ ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် ရီးယဲလ် ဘိုင်ယန် အင်တာတို့လို အသင်းကြီးတွေအပြင် တခြားသော အသင်းတွေနဲ့ပါ သတင်းထွက်ခဲ့ပေမယ့် ဒီဂီယာက ဘယ်အသင်းကိုမှ မပြောင်းခဲ့ရသေးပဲ ခုထိ free agent ဖြစ်နေဆဲပါပဲ။

Photo Credit : TEAMtalk

တကယ်တော့ ဒီဂီယာက သူ့ကို ကမ်းလှမ်းမှု ပြုလုပ်တဲ့ အသင်းတွေထဲကမှ ဥရောပ ထိပ်တန်းလိဂ်တွေထဲက ကလပ်အသင်း ဖြစ်နေဖို့ လိုအပ်ပြီး သူ့ကို အရန်အဖြစ် ကမ်းလှမ်းတာ မဟုတ်ပဲ ပွဲထွက် ဂိုးသမားနေရာအတွက် ကမ်းလှမ်းမျိုးကိုမှ လက်ခံသွားချင်နေတာ ဖြစ်ပါတယ်။ တကယ်လို့များ အဲ့ဒီလို ကမ်းလှမ်းမှုတွေ မရှိခဲ့ရင် ဒီဂီယာအနေနဲ့ သူရဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်နိုင်တယ်ဆိုပြီး သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Featured Photo : The Athletic