သေခြင်းတရားဟာ လူတိုင်းရှောင်လွဲလို့မရပေမယ့် ငယ်ရွယ်ပြီး အလားအလာရှိတဲ့ လူတစ်ယောက် ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့အခါမှာ ကျွန်တော်အားလုံး စိတ်ထိခိုက်ကြေကွဲကြရတာတော့ အမှန်ပါပဲ။ ဒီလိုအဖြစ်အပျက်တွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ထောင်နဲ့ချီပြီး ဖြစ်ပွားနေတာပါ။ ဒီဆောင်းပါးလေးမှာတော့ ကမ္ဘာကြီးကို ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ ထင်ရှားကျော်ကြားတဲ့ အနုပညာရှင် တွေရဲ့ သေဆုံးခဲ့မှုတွေကို ပြောပြပေးချင်ပါတယ်။

(၁) Paul Walker

Photo : PopMellow

Paul Walker ကတော့ Fast And Furious ရုပ်ရှင် ဇာတ်လမ်းတွဲတွေနဲ့ လူသိများခဲ့တဲ့ နာမည်ကြီး အမေရိကန် မင်းသားတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ အားလုံးမျှော်လင့်မထားတဲ့ သတင်းဆိုးတစ်ခုဖြစ်လာပြီး မင်းသား Paul Walker ဟာ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ တောင်ပိုင်းရှိ ဆန်တာ ကလာရီတာမြို့ က ရန်ပုံငွေပွဲ တစ်ခုကိုအသွား လမ်းမှာ အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကာ သေဆုံး သွားခဲ့ပါတယ်။ Paul သေဆုံးချိန်မှာ အသက် ၄၀ ရှိပြီဖြစ်ပြီး အနုပညာလောက အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။

(၂) Avicii

Photo : PopMellow

Wake Me Up သီချင်းကို ဖန်တီးခဲ့တဲ့ နာမည်ကျော် ဆွီဒင် DJ Avicii ကိုတော့ ပရိသတ်တွေ အားလုံး အမှတ်ရ နေကြအုန်းမယ် ထင်ပါတယ်။ Avicii ဟာ DJ Artist တစ်ယောက်ဖြစ်သလို Producer ၊ သီချင်းရေးသူ နဲ့ ပရဟိတ သမားတစ်ဦးလည်း ဖြစ်ပါတယ်။ Avicii ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီ ၂၀ ရက်နေ့က အိုမန် နိုင်ငံ၊ Muscat မြို့မှာ သေဆုံးလျက်တွေ့ရှိခဲ့တာ ဖြစ်ပြီး သူဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအပြင်း အထန်ခံစားနေကြောင်း သတင်းတွေထွက်ပေါ်ပြီးမကြာခင်မှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တာ ဖြစ်ပါတယ်။

(၃) Kurt Cobain

Photo : PopMellow

Kurt Cobain ဆိုတာ ရော့ခ်ဂီတ သမိုင်းမှာ ထာဝရ အမှတ်ရစေမယ့် နာမည်တစ်ခုလို့ ပြောရင် မမှားနိုင်ပါဘူး။ နာမည်ကြီး Nirvana တီးဝိုင်းရဲ့ ပဲ့ကိုင်ရှင်တစ်ဦး ဖြစ်သလို ၉၀ ခုနှစ်တွေရဲ့ ရေပန်းအစားဆုံး သီချင်းများစွာကိုလည်း ဖန်တီး သီဆိုခဲ့သူ ဖြစ်ပါတယ်။ Kurt Cobain ဟာ ၁၉၉၄ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ ဆီယက်တဲလ်မြို့က သူ့ရဲ့အခန်းလေးထဲမှာပဲ သေနတ်နဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး သေဆုံးသွားခဲ့ပါတယ်။

(၄) Chester Bennington

Photo : PopMellow

ရော့ခ်ဂီတ သမိုင်းမှာ နောက်ထပ်ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တစ်ခုကတော့ Linkin Park အဖွဲ့ရဲ့ ခေါင်းဆောင် အဆိုတော် Chester Bennington သေဆုံးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ Chester ဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ လော့စ်အိန်ဂျလိစ် ပါလို ဘာဒ်စ်က သူ့ရဲ့ အခန်းထဲမှာပဲ ကြိုးဆွဲချ သေကြောင်းကြံစည်ပြီး သေဆုံးသွားခဲ့တာပါ။ အခုဆိုရင် Chester ကွယ်လွန်သွားခဲ့တာ ၅ နှစ်ပြည့်တော့မယ် ဆိုပေမယ့် သူဖန်တီးခဲ့တဲ့ သီချင်းတွေကတော့ ဒီနေ့တိုင် ပရိသတ်တွေရဲ့ ရင်ထဲမှာ ဆက်လက်ရှင်သန်နေဆဲပဲ ဖြစ်ပါတယ်။

(၅) Heath Ledger

Photo : PopMellow

Heath Ledger ဟာ The Dark Knight ရုပ်ရှင်ဇာတ်ကားမှာ Joker ဗီလိန်ဇာတ်ရုပ်နဲ့ ပရိသတ်တွေကို အမြဲအမှတ်ရနေစေခဲ့တဲ့ ဩစတေးလျ မင်းသားတစ်ဦး ဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ၂၀၀၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့မှာ နယူးယောက်မြို့မှာပဲ မူးယစ်ဆေး မတော်တဆမှုကြောင့် သေဆုံး သွားခဲ့ရပြီး ပရိသတ်တွေနဲ့ ရုပ်ရှင်လောကအတွက် ထူးချွန်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

Featured Photo : CinemaBlend