ရွှေရောင် နာရီ တွေဟာ ယုံကြည်မှု ၊ ကျက်သရေနဲ့ ခန့်ညားထည်ဝါမှုတွေကို ဖော်ပြနိုင်မယ့် အကောင်းဆုံး ဖက်ရှင်အသုံးအဆောင်တစ်ခု ဖြစ်ပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ လက်ကောက်ဝတ်မှာ ရွှေနာရီတစ်လုံး ဝတ်ဆင်ထားခြင်းဟာ လူကြီးလူကြီးဆန်ဆန်နဲ့ ကြည့်ကောင်းစေပြီး မယုံနိုင်လောက်အောင်ကို ဆွဲဆောင်မှု ရှိစေပါတယ်။ ဒီဆောင်းပါးမှာတော့ ကွီးတို့ရဲ့ စတိုင်နဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ပေးနိုင်မယ့် အကောင်းဆုံး အမျိုးသားဝတ် ရွှေရောင် နာရီ ၅ လုံးကို ပြောပြပေးချင်ပါတယ်။

(၁) Tag Heuer Aquaracracer

Photo : The Trend Spotter

ဒီနာရီကတော့ ရွှေနဲ့ ငွေ နှစ်ရောင်စပ်ဒီဇိုင်းနဲ့ ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ နာရီတစ်လုံးဖြစ်ပါတယ်။ Brushed Stainless Steel နဲ့ ပြုလုပ်ဖန်တီးထားပြီး ၄၀.၅ မီလီမီတာ နာရီမျက်နှာပြင် ၊ ရောင်ပြန်ခြင်းမရှိဘဲ ခြစ်ရာပွန်းရာဒဏ်တွေကို ခံနိုင်ရည်ရှိတဲ့ ဒိုင်ခွက်နဲ့ ရိုးရှင်းသော်လည်း Luxury ဆန်တဲ့ အရည်အသွေးမြင့် ရွှေရောင် နာရီတစ်လုံး ဖြစ်ပါတယ်။ ရေအနက် ၃၀၀ မီတာအောက်အထိ ရေစိမ်ခံနိုင်သလို ဈေးလည်းသင့်တင့်တဲ့ ရွေးချယ်စရာ နာရီတစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀ ဝန်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။

(၂) La Grande Classique de Longines

Photo : The Trend Spotter

La Grande Classique de Longines နာရီကတော့ ကျက်သရေရှိပြီး စတိုင်ကျတဲ့ အသွင်ကို ဖော်ဆောင်ပေးနိုင်မယ့် နာရီတစ်လုံးဖြစ်ပါတယ်။ အဖြူရောင် နာရီဒိုင်ခွက် မျက်နှာပြင်မှာ အထင်ကရ Longines လိုဂို ၊ အနက်ရောင် နာရီလက်တံ ၂ ခု ၊ ရောမဂဏန်းတွေနဲ့ ဆွဲဆောင်မှုအရှိဆုံး တည်ဆောက်ထားပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ စမတ်ကျချင်သူတွေ ရွေးချယ်သင့်တဲ့ နာရီတစ်လုံးဖြစ်ပြီ ဈေးနှုန်းကတော့ ဒေါ်လာ ၁၁၀ ဝန်းကျင်ရှိပါတယ်။

(၃) Stuhrling Original Ascot II

Photo : The Trend Spotter

Stuhrling Original Ascot II နာရီကတော့ ရုတ်တရက်ကြည့်ရင် ဒီဇိုင်းအရမ်းရိုးရှင်းတယ် ထင်ရပေမယ့် ဒိုင်ခွက်ပေါ်က အချိန်ပြ စာလုံးတွေကို ဒီဇိုင်းဆန်းတဲ့ စိတ်ကူးယဉ်ဆန်ဆန်စာလုံးပုံစံနဲ့ ပုံမှန်မြင်နေကျ နာရီဒိုင်ခွက်တွေနဲ့မတူအောင် ဖန်တီးထားပါတယ်။ နာရီကိုယ်ထည်ကို ၂၃ ကာရက် ရွှေဝါရောင် Coating ပြုလုပ်ထားပြီး အကြမ်းခံတဲ့ Krysterna Crystal ဒိုင်ခွက်မှန်ကို အသုံးပြုထားပါတယ်။ ရွှေရောင်နာရီကိုယ်ထည်နဲ့ လည်သာကြိုးတို့ရဲ့ပေါင်းစပ်မှုက တကယ့်ကိုခန့်ညားပြီး ဆွဲဆောင်မှု ရှိစေပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

(၄) Casio G-Shock Classic

Photo : The Trend Spotter

၂၅ နှစ်ကျော်ကြာရပ်တည်လာတဲ့ Casio ရဲ့ G-Shock စီးရီးဟာ ကြာရှည်ခံမှုနဲ့ အမိုက်စား စွမ်းဆောင်ရည်တွေကြောင့် နာမည်ကြီးပါတယ်။ G-Shock ဟာ ပုံမှန်အားဖြင့် လူငယ်ဆန်ဆန် အရောင်သွေးစုံတဲ့ ဒီဇိုင်းတွေနဲ့ ထွက်တာများပေမယ့် ဒီနာရီကတော့ ဂန္ထဝင်ဆန်ဆန် ကျက်သရေရှိတဲ့ ရွှေရောင်အသွင်သဏ္ဍာန်နဲ့ ထွက်လာခဲ့တဲ့ နာရီဖြစ်ပါတယ်။ နာရီကိုယ်ထည် သာမက ဒိုင်ခွက်အတွင်းပိုင်းမှာပါ အလုံးစုံ ရွှေဒီဇိုင်းနဲ့ ဖန်တီးထားပြီး ဘက်ထရီသက်တမ်း ၁၀ နှစ် ၊ ရေအနက် ၁၀ မီတာအောက် ရေစိမ်ခံနိုင်တဲ့ အမိုက်စားနာရီတစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀ ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။

(၅) Casio A-168WG-9UR

Photo : The Trend Spotter

လူငယ်ဆန်ဆန် စတိုင်ကျတဲ့ နာရီမျိုးကြိုက်သူတွေအတွက်တော့ Casio A-168WG-9UR နာရီက ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။ ဘယ်လို ဖက်ရှင်ဝတ်စုံမျိုးနဲ့ မဆို လိုက်ဖက်ညီတဲ့ အကောင်းဆုံး စွယ်စုံရ နာရီတစ်လုံး ဖြစ်ပါတယ်။ ပွဲတက်အခမ်းအနားတွေမှာ ဝတ်နိုင်သလို ရုံးတက်ကျောင်းတက် နေ့စဉ် နာရီတစ်လုံးအနေနဲ့ပါ နေရာမရွေးဝတ်ဆင်နိုင်မယ့် စတိုင်အကျဆုံး နာရီတစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀ ကျော်ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။

Featured Photo : SenseOrient