အချစ်ရေးမှာ အမြဲတမ်း ပလေး ခံနေရတဲ့ Playground ကြီး ဖြစ်နေလို့ စိတ်မညစ်ပါနဲ့။ ကွီးတို့ စိတ်ကြိုက် ကစားလို့ရမယ့် အမိုက်စား လူကြီး ကစားကွင်းတွေ ဂျပန်နိုင်ငံမှာ ပေါပါတယ်။ အချစ်ရေးနဲ့ ပတ်သတ်ပြီး ကစားကွင်းကြီး မဖြစ်ချင်တော့ဘူး ၊ ရည်းစားထားမယ့်အစား ခရီးတွေပဲ ပတ်သွားတော့မယ်လို့ စိတ်ကူးထားတဲ့ ခရီးသွားချစ်သူတွေအတွက် ဒီတစ်ခေါက်မှာတော့ ဂျပန်နိုင်ငံမှာရှိတဲ့ အလန်းဆုံး Theme Parks တွေ အကြောင်း ပြောပြပေးပါမယ်။

(၁) Universal Studios Japan

Photo : Never Ending Voyage

ဂျပန်နိုင်ငံက လူကြီးကစားကွင်းအကြောင်း ပြောတဲ့အခါ မပါမဖြစ် ထိပ်ဆုံးကနေ ပြောရမှာကတော့ Universal Studios Japan (USJ) ပါပဲ။ Universal Studios Japan (USJ) ဟာ ဂျပန်နိုင်ငံ အိုဆာကာမှာ ရှိတာဖြစ်ပါတယ်။ Harry Potter နဲ့ Jurassic Park တို့လို နာမည်ကြီး ဇာတ်ကားတွေထဲက ပုံစံတူ အဆောက်အဦးတွေ ၊ Super Nintendo World လို ငယ်ဘဝအမှတ်တရ ဂိမ်းကမ္ဘာငယ်လေးတွေ ၊ စိတ်လှုပ်ရှားစရာ ရိုလာကိုစတာကြီးတွေအပြင် တခြား မတူညီတဲ့ အပန်းဖြေလည်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ပျော်စရာနေရာတစ်ခု ဖြစ်ပါတယ်။

(၂) Tokyo Disneyland

Photo : The Travel Intern

Tokyo Disneyland ကတော့ ဂျပန်နိုင်ငံရောက်ရင် သွားကိုသွားရမယ့် နေရာတစ်ခုပါပဲ။ စားရေးသူတို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ Disney ဇာတ်ကားတွေထဲက အငွေ့အသက်တွေကို အပြင်မှာ ကိုယ်တိုင်မြင်တွေ့ ခံစားခွင့်ရမှာ ဖြစ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ စီးစရာ ရိုလာကိုစတာ ၃၀ မျိုးကျော်နဲ့ ရင်သပ်ရှုမောဖွယ် လည်ပတ်စရာ နေရာတွေ ၊ ပျော်စရာကောင်းတဲ့ ရှိုးဖျော်ဖြေပွဲတွေကိုလည်း တဝကြီး ကြည့်ရှုခံစားရင်း အနားယူအပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။

(၃) LEGOLAND Japan

Photo : Klook Travel

LEGO ဖန်တွေ အကြိုက်တွေ့ရမယ့် နေရာလေးတစ်ခုကို ညွှန်းပေးချင်ပါတယ်။ ဒါကတော့ မလေးရှား နိုင်ငံပြီးရင် အာရှမှာ ဒုတိယမြောက် LEGOLAND Theme Park ဖြစ်တဲ့ LEGOLAND Japan ပါ။ LEGO ချစ်သူ ကလေးလူကြီးမရွေး သွားရောက်လည်ပတ်နိုင်ပြီး သူငယ်ချင်းတွေနဲ့ဖြစ်စေ ၊ မိသားစုနဲ့ဖြစ်စေ အနားယူအပန်းဖြေလို့ ကောင်းတဲ့ လည်ပတ်စရာနေရာလေးတစ်ခု ဖြစ်ပါတယ်။

(၄) Fuji-Q Highland

Photo : WAmazing

ရင်တထိတ်ထိတ် ၊ အသည်းတအေးအေး ပလေး ရတာမှ ကြိုက်တယ်ဆိုရင်တော့ ဂျပန်နိုင်ငံ ဖူဂျီတောင်ခြေ ရာမာနာရှီမှာရှိတဲ့ Fuji-Q Highland ကိုသာသွားဖို့ ညွှန်းချင်ပါတယ်။ Fuji-Q Highland မှာ ကမ္ဘာ့စံချိန်တင်ထားရတဲ့ သည်းထိတ်ရင်ဖို ရိုလာကိုစတာ စီးစရာတွေ ရှိနေတာ ဖြစ်ပါတယ်။ Takabisha လို့ခေါ်တဲ့ ရိုလာကိုစတာကတော့ အကြမ်းဆုံးလို့ ပြောရမှာ ဖြစ်ပြီး သတ္တိတော်တော်ကောင်းတဲ့သူတွေပဲ စီးဖို့သင့်လျော်ပါတယ်။ ရိုလာကိုစတာကြီးတွေအပြင် Jikyu General Hospital လို့ခေါ်တဲ့ သရဲအိမ်နဲ့ အခြား အပန်းဖြေစရာနေရာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

Source : Klook Travel

Featured Photo : Headout