ချစ်တင်းနှော ချိန်မှာ သာယာပျော်ရွှင်မှု တိုးစေဖို့ ၊ ခံစားမှုအာရုံကို ပိုမိုကောင်းမွန်စေဖို့နဲ့ သာယာဖွယ် အထိအတွေ့ကို ရရှိခံစားနိုင်စေဖို့ ချောဆီတွေက အရေးပါဆုံးသော အကူပစ္စည်း တစ်ခုပါပဲ။ ချောဆီတွေဟာ ထိုးသွင်းဆက်ဆံမှု လုပ်ဆောင်နေစဉ် ပွတ်တိုက်မှုကြောင့် လိင်အင်္ဂါ ခြောက်‌သွေ့ခြင်းနဲ့ နာကျင်ခြင်းတွေကို ကာကွယ်ပေးပြီး လိင်ဆိုင်ရာ ခံစားမှုကို ပိုကောင်းစေဖို့ အဓိက လုပ်ဆောင်ပေးပါတယ်။ ချောဆီကို ရေအခြေခံ ၊ ဆီအခြေခံနဲ့ ဆီလီကွန်အခြေခံဆိုပြီး ရွေးချယ်နိုင်သလို အနံ့အရသာပါတဲ့ ချောဆီအမျိုးအစားတွေလည်း များစွာရှိပါတယ်။ တစ်ခုသတိထားရမှာက လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေအတွက် သီးသန့်သေချာ ဒီဇီုင်းဆွဲထုတ်ထားတဲ့ ချောဆီ တွေကလွဲရင် အခြားသော DIY ချောဆီတွေ ၊ ချောဆီကဲ့သို့ အရည်နဲ့ ဆီတွေကိုတော့ လုံးဝလုံးဝ မသုံးသင့်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ ချောဆီအစားထိုးသုံးမယ်လို့ လုံးဝစိတ်မကူးသင့်တဲ့ ပစ္စည်းတွေကို သတိထား ရှောင်ကြဉ်နိုင်စေဖို့ မျှဝေပေးချင်ပါတယ်။

(၁) Petroleum Jelly

Photo : Best Life

Petroleum Jelly ကို ချောဆီ အစားထိုးအနေနဲ့ လုံးဝ မသုံးသင့်ပါဘူး။ အကြောင်းကတော့ Petroleum Jelly ဟာ မိန်းမကိုယ် ဓာတ်မတည့်မှုကို ဖြစ်စေနိုင်သလို Bacterial Vaginosis လို့ခေါ်တဲ့ မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် ရောင်ရမ်းရောဂါ ဖြစ်နိုင်ခြေကို ဦးတည်နေပါတယ်။ ဒါ့အပြင် ကွန်ဒုံးနဲ့အသုံးပြုမယ် ဆိုပါကလည်း ကွန်ဒုံး ပေါက်ပြဲနိုင်ခြေကို တိုးစေတဲ့အတွက် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေမှာ Petroleum Jelly ကို အသုံးမပြုတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

(၂) တံတွေး

Photo : Merriam-Webster

ချစ်တင်းနှော ချိန်မှာ လိင်အင်္ဂါ စိုစွတ်မှုအတွက် လူတိုင်း အလွယ်ကူဆုံးရနိုင်တဲ့ တံတွေးကို သဘာဝချောဆီ အဖြစ်နဲ့ အသုံးပြုနေမိတယ်ဆိုရင်တော့ ရပ်တန်းက ရပ်လိုက်ဖို့ အကြံပေးချင်ပါတယ်။ တံတွေးမှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ အများကြီး ပါဝင်နေတက်ပြီး ဒါက ကန်ဒီဒီရေးစစ် ( Candidiasis) လို့ခေါ်တဲ့ မှိုရောဂါကို ဖြစ်နိုင်ခြေ တိုးစေနိုင်သလို ဖွားဖက်တော်နဲ့ မိန်းမကိုယ် ပိုးဝင်တာ ၊ ချစ်တင်းနှောစဉ်မှာ အနံ့အသက်ဆိုးတွေ ထွက်ပေါ်စေတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်ကြုံတွေ့ရနိုင်ပါတယ်။

(၃) Baby Oil

Photo : Honest + Simple

Baby Oil ကိုလည်း လူတော်တော်များများ ချောဆီ အစားထိုးပစ္စည်း တစ်ခုအနေနဲ့ အသုံးများကြပါတယ်။ သို့သော်လည်း ကံမကောင်းစွာနဲ့ ချောဆီအဖြစ် အသုံးမပြုသင့်တဲ့ ပစ္စည်းစာရင်းမှာ Baby Oil လည်း တစ်ခုအပါအဝင် ဖြစ်နေပါတယ်။ Baby Oil ဟာ မိန်းမကိုယ် ကူးစက်မှိုရောဂါ (Yeast Infection) ကို ဖြစ်စေတက်ပြီး Baby Oil မှာ ပါဝင်တဲ့ အမွှေးရနံ့နဲ့ ကြာရှည်ခံပစ္စည်းတွေက လိင်အင်္ဂါ ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။

(၄) Body Lotions

Photo : Epicuren Discovery

ခန္ဓာကိုယ်အပေါ်ယံ အရေပြားပေါ်လိမ်းတဲ့ Body Lotions တွေဟာ ၁၀၀ ရာခိုင်နှုန်း အော်ဂဲနစ် မဟုတ်ပဲ ဓာတုပစ္စည်းတွေ အများအပြား ပါဝင်နေတက်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့အခြားသော အရေပြားနေရာတွေထက် နူးညံ့ပြီး ထိလွယ်ရှလွယ်တဲ့ ကန့်သတ်ဧရိယာ လိင်အင်္ဂါတဝိုက်ကို Body Lotions တွေ လုံးဝမလိမ်းသင့်ပါဘူး။ အထူးသဖြင့် လိင်အင်္ဂါအတွင်းကို ထိုးသွင်းဆက်ဆံချိန်မှာ Body Lotions ကို ချောဆီအဖြစ် လုံးဝလုံးဝ မသုံးသင့်ဘူးပဲ ဖြစ်ပါတယ်။ Body Lotions တွေဟာ လိင်အင်္ဂါ ဓာတ်မတည့်တာ ၊ လိင်အင်္ဂါ နီမြန်းယားယံတာတွေအပြင် အခြားသော ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

(၅) ထောပတ်ဆီ

Photo : Bon Appetit

ထောပတ်ဆီကို ချောဆီအဖြစ်နဲ့ အစားထိုးအသုံးပြုလို့ အဆင်ပြေနိုင်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ လုံးဝလုံးဝ အသုံးပြုမသင့်ပါဘူး။ ထောပတ်မှာ အဆီနဲ့ ဆားပါဝင်မှု များတာကြောင့် လိင်အင်္ဂါရဲ့ pH မျှတမှုကို ထိခိုက်စေနိုင်သလို လိင်အင်္ဂါယားယံတာ ၊ ဓာတ်မတည့်တာတွေ အများကြီး ဖြစ်နိုင်ခြေ ရှိပါတယ်။

အခုပြောပြပေးခဲ့တာကတော့ ကွီးတို့ ရှော်တီလေးနဲ့ ချစ်တင်းနှောစဉ် အရှိန်ကောင်းတုန်းမှာ ချောဆီ ကုန်သွားရင် ယောင်လို့တောင် ချောဆီအစားထိုးအနေနဲ့ မသုံးသင့်တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

Source : Healthshots

Featured Photo : Promescent