အရှေ့တောင်အာရှထဲက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံခြား ခရီးသွား လည်ပတ်အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ရုံမက နိုင်ငံအတွင်းမှာလည်း သာယာလှပတဲ့ကမ်းခြေတွေ ၊ ဆိတ်ငြိမ်အေးချမ်းတဲ့ ကျွန်းတွေ ၊ စိတ်ဝင်စားစရာ မျိုးနွယ်စုတွေရဲ့ ဓလေ့ထုံးတမ်းတွေ ၊ အံ့ဩဖွယ်ရာ သဘာဝရှုမျှော်ခင်းတွေနဲ့ လည်ပတ်လို့ကောင်းတဲ့ နေရာတွေအများကြီး ပြည့်နှက်နေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သဘာဝ အလှတရားစစ်စစ် ကို ခံစားလိုတဲ့ ခရီးသွားချစ်သူတွေအတွက် အင်ဒိုမြေ မှ လည်ပတ်လို့အကောင်းဆုံး နေရာတွေကို မျှဝေပေးချင်ပါတယ်။

(၁) Gili Islands , Lombok

Photo : Hotels.com Australia

ရိုမန်တစ်ဆန်တဲ့ ညခင်းတွေကို ဖြတ်သန်းချင်တယ်ဆိုရင် Gili ကျွန်းစု ကို မဖြစ်မနေရောက်အောင်သွားဖို့ အကြံပေးချင်ပါတယ်။ Gili ကျွန်းစုဟာ သဲဖြူသောင်ပြင်တွေ ၊ ကြည်လင်ရှင်းသန့်တဲ့ အပြာရောင်ပင်လယ်ရေပြာတွေနဲ့ သဘာဝ အလှတရားစစ်စစ် ရှုခင်းတွေ ဝန်းရံထားတဲ့ အထီးကျန်ဆန်ဆန် ကျွန်းလေးတွေဖြစ်တဲ့ Gili Trawangan ၊ Gili Meno နဲ့ Gili Air ကျွန်းလေး ၃ ကျွန်း ပေါင်းစပ်တည်ရှိရာ ကျွန်းစုဖြစ်ပါတယ်။ Snorkeling ၊ Surfing ၊ Diving ကဲ့သို့ စွန့်စားခန်း Activities တွေအများကြီး လုပ်နိုင်ပြီး ထူးခြားရေပေါ်အိမ်တွေ ၊ သဘာဝရှုခင်းအလှတွေနဲ့ အင်ဒိုမြေ ထဲက အနားယူအပန်းဖြေလို့ အကောင်းဆုံးနေရာတစ်ခုပဲ ဖြစ်ပါတယ်။

(၂) Mount Bromo , East Java

Photo : The World Travel Guy

Gunung Bromo လို့လူသိမျာတဲ့ Mount Bromo ကတော့ အင်ဒိုမြေ ထဲက နိုင်ငံခြားသား ခရီးသွားလည်ပတ်မှု အများဆုံး နေရာတစ်ခုလို့ ပြောရမှာပါ။ Bromo တောင်ထိပ်ပိုင်းဟာ အမြဲလိုလို မီးခိုးဖြူဖြူတွေ ထုတ်လွှတ်လျက်ရှိတဲ့ မီးတောင်ပေါက်တစ်ခု ဖြစ်ပါတယ်။ Bromo Tengger Semeru အမျိုးသားဥယျာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လှပတဲ့ သဘာဝရှုခင်းတွေနဲ့ ဝန်းရံပြည့်နှက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အလှပဆုံး ခရီးသွားနေရာတစ်ခု ဖြစ်ပါတယ်။ Hiking ၊ Trekking တို့လို Activities တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ Mount Bromo ကို သေချာပေါက် သွားသင့်ပါတယ်။

(၃) Torajaland , South Sulawesi

Photo : The World Travel Guy

Torajaland ကတော့ အင်ဒိုမြေ ထဲက ကမ္ဘာလှည့်ခရီးသွားတွေကြား စိတ်ဝင်စားဖို့အကောင်းဆုံး နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ Sulawesi တောင်ပိုင်းမှာ တည်ရှိပြီး Toraja မျိုးနွယ်စုတွေရဲ့ အိမ်ဖြစ်ပါတယ်။ Torajan လူမျိုးတွေဟာ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်းတွေနဲ့ Tongkonan လို့ခေါ်တဲ့ အမိုးမြင့်အိမ်တွေကြောင့် လူသိများပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ Toraja မျိုးနွယ်စုတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ ၊ အခြေချနေထိုင်မှုတွေကို စူးစမ်းလေ့လာချင်တယ်ဆိုရင်တော့ Torajaland က လုံးဝသွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

(၄) Jakarta

Photo : Travel and Food Guides | Webtechexpert

Jakarta ကတော့ အားလုံးသိတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဖြစ်ပါတယ်။ ခေတ်မီတိုးတက်တဲ့ လူနေမှုပုံစံတွေနဲ့ မလေးရှား ၊ တရုတ် ၊ အာရပ် ၊ အိန္ဒိယ ၊ ဥရောပ ယဉ်ကျေးမှုတို့ ပေါင်းစုံလွှမ်းမိုးထားတဲ့ အင်ဒိုမြေ ထဲက သွားရောက်လည်ပတ်ဖို့ အကျော်ကြားဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်ဟောင်း Kuta Tua ကလည်း Jakarta ရဲ့ အဓိက ဆွဲဆောင်မှုတစ်ခု ဖြစ်ပြီး ခမ်းနားလှပတဲ့ ဒတ်ခ်ျကိုလိုနီခေတ် အဆောက်အအုံဟောင်းကြီးတွေ ၊ ယဉ်ကျေးမှုတွေ ပေါင်းစပ်ထားတဲ့ ဗိသုကာပညာတွေ ၊ အစားအသောက်နဲ့ ဘာသာစကားတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : ForeverVacation