မန်ချက်စတာ ယူနိုက်တက်အသင်း ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာ ကတော့ ဆော်ဒီပရိုလိဂ်ကလပ် အယ်ရှာဘက် အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

Photo : Goal.com

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ဇွန်လမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီတုန်းကတော့ နယူးကာဆယ် ၊ ရီးရဲလ်ဘက်တစ် ၊ အယ်နာဆာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေက ယူနိုက်တက်ကစားသမားစောင်း ဒီဂီယာ ကို ခေါ်ယူဖို့ စိတ်ဝင်တစားရှိခဲ့ကြပါတယ်။ သို့သော် ဒီဂီယာဟာ ယူနိုက်တက်နဲ့ လမ်းခွဲပြီးကတည်းက ၆ လဝန်းကျင်ခန့် အသင်းလက်မဲ့ ဖြစ်နေခဲ့ရတာပါ။

ယခုအခါမှာတော့ ဘောလုံးလောကသို့ တဖန် ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး Daily Mail ရဲ့ဖော်ပြချက်အရ စပိန်သားဟာ အယ်ရှာဘက် အသင်းကို ပြောင်းရွေ့ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဆော်ဒီပရိုလိဂ်ကလပ် အယ်ရှာဘက်ဟာ ဆီဗီလာကွင်းလယ်လူ အိုင်ဗန်ရာကီတစ်နဲ့ အပြောင်းအရွေ့အတွက် သဘောတူညီမှု ရရှိထားပြီး နယူးကာဆယ်တိုက်စစ်မှူး မီဂယ်လ်အယ်မီရွန်ကိုလည်း ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေပါတယ်။

Photo : South African

ခရိုအေးရှားဝါရင့်ကွင်းလယ်လူ ရာကီတစ်ကတော့ မနေ့က ဆေးစစ်မှုခံယူခဲ့ပြီး လာမယ့်သီတင်းပတ်မှာ ဆော်ဒီအာရေဗျကို ရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။ အလားတူ နယူးကာဆယ်အသင်းအနေနဲ့လည်း အယ်မီရွန်ကို ယခုလအတွင်း အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ဆန္ဒရှိနေပါတယ်။

ငှက်ကျားတို့ကတော့ Financial Fair Play စည်းမျဉ်းအရ ကစားသမားအသစ်တွေ မဝယ်မီ အသင်းရဲ့ လက်ရှိ ကစားသမားတချို့ကို ရောင်းထုတ်ဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

Featured Photo : Goal.com