အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၁၀၅)သန်းနဲ့ မခေါ်ယူခင် အာဆင်နယ် ရဲ့ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမားက တောင်ပံကစားသမား နီကိုလပ်စ် ပေပေပါ။ အာဆင်နယ်က ပေပေကို လိုင်လီအသင်းကနေ ပေါင် (၇၂)သန်း ယူရိုနဲ့ဆိုရင် ယူရို သန်း(၈၀)အထိ အသုံးပြုပြီး ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် အာဆင်နယ်ဘက်က ဒီလို ပမာဏမျိုး အသုံးပြုရလောက်တဲ့အထိ ပေပေက အာဆင်နယ်မှာ အကျိုးပြုနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

Photo Credit: Marca

အိုင်ဗရီကို့စ် တောင်ပံကစားသမား ပေပေဟာ လိုင်လီမှာ ကစားစဉ်က သူရဲ့ ခြေစွမ်းပိုင်းတွေ တအားကောင်းလွန်းလို့ အသင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ရင်း နောက်ဆုံးတော့ အာဆင်နယ်က ပေပေကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ပါ အရ ခေါ်ခဲ့ရပါတယ်။ ၂၀၁၉ခုနှစ်ကတည်းက အာဆင်နယ်ဆီ ရောက်လာခဲ့တဲ့ ပေပေဟာ သူရဲ့ ပြောင်းရွှေ့ကြေးကြောင့် အာဆင်နယ်မှာ ရုန်းကန်နေခဲ့ရပြီး အူနိုင်း အမ်မရီ ထုတ်ပယ်ခံရလို့ အာတီတာက အာဆင်နယ် နည်းပြသစ် ဖြစ်လာချိန်မှာတော့ ပေပေအတွက် ပွဲကစားခွင့်တွေ ပိုမို နည်းပါးလာခဲ့ပါတော့တယ်။

Photo Credit: Transfermarket

ဒီလိုနဲ့ ၂၀၂၂မှာတော့ ပေပေက ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲဆီ ပြန်လည် ရောက်ရှိသွားခဲ့ပြီး နိုက်စ်အသင်းဆီကို အငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့် နိုက်စ်ဘက်က ပေပေကို အပြီးသတ် ခေါ်ယူခြင်း မရှိလို့ ပေပေက တူရကီကလပ် ထရက်ဇွန်စပေါအသင်းဆီကိုသာ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ အာဆင်နယ် ကလည်း ပေါင် (၇၂)သန်းအထိတောင် အသုံးပြုထားရတဲ့ ကစားသမားတစ်ဦးကို ပြောင်းရွှေ့ကြေး တစ်ပြားမှတောင် ပြန်လည် ရရှိခြင်း မရှိပဲနဲ့ ပြောင်းရွှေ့ကြေး အလွတ်နဲ့သာ လက်လွတ်ခဲ့ပါတယ်။

Villarreal CF

ထရက်ဇွန်စပေါမှာ တစ်ရာသီ ကျင်လည်ခဲ့ပြီးတဲ့နောက် အသင်းနဲ့ စာချုပ်သက်တမ်း ထပ်မံ ကုန်ဆုံးသွားပြီး free agent player ဖြစ်သွားခဲ့တဲ့ ပေပေကို လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းကနေ အလွတ်နဲ့ ခေါ်ယူလိုက်ပါတယ်။ ထရက်ဇွန်စပေါနဲ့ နိုက်စ်အသင်းတွေ ထက်စာရင်တော့ ဗီလာရီးယဲလ်က ပေပေအတွက် အကောင်းဆုံး option တစ်ခု ဖြစ်လာနိုင်ပြီး အသက် (၂၉)နှစ်သာ ရှိသေးတဲ့ ပေပေအနေနဲ့ သူဟာ ဘယ်လို ကစားသမားမျိုး ဖြစ်တယ်ဆိုတာကိုပါ ဗီလာရီးယဲလ်မှာ အကောင်းဆုံး သက်သေပြနိုင်မယ့် အခွင့်အရေးကောင်းလည်း ရှိနေပါပြီ။

Featured Photo:Villarreal CF