အာရှသားတွေမှာ အနောက်တိုင်းသားတွေနဲ့မတူတဲ့ အားသာချက်တစ်ခု ရှိပါတယ်။ ဒါကတော့ ဆံပင်ကောင်းတာ ၊ ဆံပင်သန်တာပါ။ အနောက်တိုင်းက အမျိုးသားတွေက မျိုးရိုးဗီဇနဲ့ ပင်ကိုယ်သဘာဝအရ ဆံပင်ပါးတာ ၊ ဆံပင်နည်းတာတွေ အဖြစ်များတဲ့အတွက် ဆံပင်စတိုင် ရွေးချယ်ရာမှာ တော်တော်လေး အခက်တွေ့ရပါတယ်။ အာရှသားတွေကတော့ နဂိုမူလကိုက ဆံပင်များပြီး အုံထူတဲ့အတွက် ဘယ်လိုဆံပင်ပုံစံမျိုးမဆို စိတ်ကြိုက်ပုံသွင်းထားလို့ အဆင်ပြေပါတယ်။ ဒီတစ်ခေါက်တော့ အာရှသား မှန်ရင် မလိုက်ဖက်မှာ စိတ်ပူစရာမလိုပဲ ရဲရဲကြီး ညှပ်လို့အဆင်ပြေမယ့် ဆံပင်စတိုင် အချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) Crew Cut

Photo : The Trend Spotter

အပေါ်ဆံပင်ကို သဘာဝအတိုင်း ခပ်မြင့်မြင့်လေး ထားချင်တယ်ဆိုရင် Crew Cut က ရွေးချယ်စရာ ဆံပင်စတိုင် တစ်ခုပါပဲ။ အပေါ်အရှေ့ပိုင်း ဆံပင်ကလွဲရင် ဘေး/နောက်ဆံပင်အားလုံး ခပ်တိုတိုပါးပါးပဲ ထားရတာပါ။ ရှေ့ဆံပင်ကတော့ အပေါ်ကို ခပ်ထောင်ထောင် ထားရတဲ့အတွက် မဆိုသလောက်လေး ရှည်နေပါလိမ့်မယ်။ ဆံပင်စတိုင်တစ်ခုလုံး ချုံကြည့်ရင်တော့ တိုတိုပါးပါးနဲ့ ပုံသွင်းစရာ အများကြီးမလိုပဲ လွတ်လပ်ပေါ့ပါး ၊‌ ယောကျာ်းဆန်တဲ့ အသွင်အပြင်ကိုရစေမှာ ဖြစ်ပါတယ်။

(၂) Curly Pompadour

Photo : The Trend Spotter

Curly ဖြစ်တဲ့ ဆံသားပိုင်ရှင်တွေအနေနဲ့ Pompadour ဆံပင်စတိုင်ကို ညှပ်ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ Curly Pompadour ရဲ့ ပုံစံက ဦးခေါင်းဘေးဖက်အောက်ဖျားတွေနဲ့ အနောက်ဘက်ကို ခပ်ပါးပါး ညှပ်ထားပြီး အပေါ်ကိုတော့ သိသိသာသာ အရှည်စတိုင် ထားရတာပါ။ လှိုင်းတွန့်ဆံသားဖြစ်တဲ့အတွက် အပေါ်ဆံပင်ကိုတော့ သေချာပုံသွင်းပေးမှ စတိုင်ကျပါလိမ့်မယ်။ လူငယ်ပိုင်းတွေနဲ့ ပိုလိုက်ဖက်ပြီး ရှော်တီတွေ လည်ပြန်ငေးမယ့် ဆံပင်စတိုင်တစ်ခု ဆိုလည်းမမှားပါဘူး။

(၃) Disconnected Undercut

Photo : The Trend Spotter

တည်ငြိမ်ရင့်ကျက်တဲ့ အထာကျကျ ဘီးကျဲတို့အတွက် ရွေးချယ်သင့်တဲ့ ဆံပင်စတိုင် တစ်ခုပါ။ ဘေးဘက်နဲ့ နောက်ဘက်ဆံပင်တွေကို ခပ်ပြောင်ပြောင် ရှိတ်ထိုးထားပြီး အရှေ့ထိပ်ပိုင်း Crown ကိုတော့ သပ်သပ်ရပ်ရပ်နဲ့ နောက်ကို လှန်ဖြီးထားရမှာ ဖြစ်ပါတယ်။ အပေါ်ဘက်ဆံပင်အုံကို ထူထူထည်ထည်ထားရမှာ ဖြစ်တဲ့အတွက် ဆံပင်အုံထူတဲ့ အမျိုးသားတွေနဲ့ ပိုပြီး လိုက်ဖက်မှုရှိပါတယ်။ ဆံပင်ပုံစံကို သပ်ရပ်နေစေဖို့ သေချာ ပုံသွင်းပေးဖို့တော့ လိုပါတယ်။

(၄) Caesar Cut

Photo : The Trend Spotter

Caesar Cut ကတော့ အမျိုးသားတွေ အညှပ်အများဆုံး Hairstyles တွေထဲက တစ်ခုဖြစ်ပြီး ဒီနှစ်ထဲမှာ ပြန်လည်ရေပန်းစားလာတဲ့ ဆံပင်စတိုင် တစ်ခုဖြစ်ပါတယ်။ ဘေးဘက်နဲ့နောက်ဘက် ဆံပင်တွေကို ခပ်ပြောင်ပြောင် ရှိတ်ထိုးထားပြီး အပေါ်ဆံပင်ကိုတော့ အနည်းငယ် ရှည်ရှည်ထားရပါတယ်။ ပုံမှန်အားဖြင့် ရှေ့ဆံပင်အရှည်ကို ညှိပေးရမှာဖြစ်ပေမယ့် ဆန္ဒရှိပါက အနည်းငယ် တိုတိုထားနိုင်ပါတယ်။

အာရှသား မျက်နှာပေါက်ရှိသူတွေနဲ့ လိုက်ဖက်တဲ့ Hairstyles တွေထဲက အချို့ကို ရွေးချယ်ပြောပြ ပေးခဲ့တာပါ။ ကွီးတို့ အကြိုက်ဆုံး ဆံပင်စတိုင်ကရော ဘယ်တစ်ခု ဖြစ်မလဲ???

Featured Photo : LiveAbout