အားကစားလုပ်သူတွေအကြားမှာ အမှတ်မှားနေကြတဲ့ တလွဲမက်ဆေ့တွေ ရှိတတ်ကြပါတယ်။ ကျန်းမာကြံ့ခိုင်ရေးအတွက် ဘာတွေ ဘယ်လိုလုပ်ရမယ် ၊ ဘာကို ဘယ်လို ရှောင်ကြဉ်ပြီး ဘယ်လို စားသောက်ရမယ်ဆိုတာမျိုးကို ပြောရာမှာ အမြင်အမျိုးမျိုး ရှိပြီး တချို့လည်း ကိုယ့်အယူအဆနဲ့ကိုယ် အားကစားလုပ်နေကြတာတွေ ရှိတာပါပဲ။

အခုမှ Gym ကစားပြီး အားကစား လုပ်မယ့်သူတွေအတွက် ကိုယ်လက်ကြံ့ခိုင်ရေးအတွက် မှားယွင်းတဲ့ အယူအဆတွေကို ရှောင်ရှားနိုင်မှပဲ ထိရောက်ပြီး ရလဒ်ကောင်းတွေ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ရှောင်ကြဉ်သင့်တဲ့ Fitness အယူအဆ အမှားတချို့အကြောင်း မျှဝေတင်ဆက်လိုက်ပါတယ်။

(၁) မနက်ခင်း အားကစားမလုပ်ခင် အစားမစားထားနဲ့

Photo: Unsplash

Morning Workout လုပ်မယ်ဆိုရင် ပြောလေ့ရှိတာတစ်ခုက အားကစားလုပ်မယ်ဆိုရင် အစာမစားနဲ့ ဆိုတဲ့အချက်ပါပဲ။ ဒီလို ပြောတဲ့ လူတွေရဲ့ အဆိုက မနက်စာမစားဘဲ အားကစားလုပ်ရင် အဆီတွေ ပိုလောင်ကျွမ်းနိုင်တယ်လို့ ဆိုပါတယ်။ တကယ်က ဒီပြောကြားချက်မှာ သိပ္ပံနည်းကျ အထောက်အထား လေ့လာချက်တွေ မရှိပါဘူး။ အမှန်တကယ်က ကာယလှုပ်ရှားမှုတွေ လုပ်မယ်ဆိုရင် အင်ပြည့်အားပြည့် လုပ်နိုင်ဖို့ ခန္ဓာကိုယ်ဟာ လောင်စာဖြစ်တဲ့ အစားအသောက် ကျွေးထားဖို့ လိုပါတယ်။ ဒါကြောင့် အားကစားလုပ်မယ်ဆိုရင် အနည်းဆုံး နာရီဝက် ၄၅ မိနစ်လောက် စောပြီး အစားစားထားပါလို့ ပြောချင်ပါတယ်။

(၂) Workout Plan တစ်မျိုးတည်းပဲ လိုက်လုပ်ပါ

Photo: Unsplash

အားကစား လုပ်မယ်ဆိုရင် အပြောင်းအလဲမရှိ Workout Plan တစ်မျိုးတည်းနဲ့ ကစားဖို့ ပြောကြတာတွေ ရှိပါတယ်။ တချို့တွေက ၆ ပတ် ပရိုဂရမ် ၊ ၈ ပတ် ပရိုဂရမ်နဲ့ Target ထား ကစားကြပါတယ်။ ဒီအစီအစဉ်က ကောင်းပေမယ့် ၆ ပတ်/၈ ပတ် ပရိုဂရမ်တွေပြီးရင်လည်း ဘော်ဒီကို ထိန်းဖို့အတွက် Workout ပုံစံနဲ့ အစီအစဉ်လေးတွေ ထည့်စဉ်းစားဖို့ လိုပါတယ်။ ခန္ဓာကိုယ်အချိုးအစားအနေနဲ့ ကိုယ်လိုချင်တာ ရပြီးတဲ့အထိ Workout Plan အတိုင်း ကစားပြီးရင်လည်း Cardio များများပါတဲ့ လေ့ကျင့်ခန်းတွေ ၊ Strength Training ပုံမှန်ကစားပေးတာတွေလည်း တလှည့်စီ လုပ်ပေးသင့်ပါတယ်။

(၃) Treadmill Workouts တွေက အကောင်းဆုံးပဲ

Photo: Unsplash

ကယ်လိုရီ လောင်ကျွမ်းအောင်ဆိုပြီး Treadmill ကစားလို့ ရပါတယ်။ ဒါပေမယ့် Treadmill Workout ထက် ပိုပြီးကောင်းတဲ့ လေ့ကျင့်ခန်းတွေလည်း ရှိတာပါပဲ။ ဥပမာ- Rowing ဆွဲတာဆိုရင် ခန္ဓာကိုယ်ကြွက်သားတွေရဲ့ ၈၀%ကျော်ကို အသုံးချတာဖြစ်လို့ အဆီလောင်ကျွမ်းမှု ပိုကောင်းပါတယ်။ Treadmill ချည်းအားကိုးတာထက် Strength Training ဝင်ဆော့တာက ရေရှည်မှာ ကယ်လိုရီလောင်ကျွမ်းမှု ပိုကောင်းသလို ကြွက်သားတည်ဆောက်မှုဘက်ကိုလည်း ပိုပြီး ထိရောက်စေနိုင်ပါတယ်။

(၄) ညဘက်အားကစားမလုပ်သင့်ဘူး

Photo: Unsplash

ဒီအယူအဆရဲ့ ဆိုလိုချက်က ညဘက်အားကစားလုပ်ရင် အိပ်မပျော်ဖြစ်တတ်လို့ပါတဲ့။ တကယ်လို့ ညနေဘက် အားကစား လုပ်ပြီး အိပ်လို့မပျော်ဖြစ်နေရင် ကဖိန်းဓါတ် ပါတဲ့ ကော်ဖီနဲ့ အချိုရည်တွေ သောက်မိသလား ပြန်ဆန်းစစ်ပါ။ သောက်ဖြစ်ရင် လျှော့ပါ။ ဖြတ်ပါ။ အားကစားလုပ်တာကတော့ အိပ်စက်မှုအရည်အသွေးကို ပိုကောင်းစေတယ်ဆိုတာ သုတေသနလေ့လာမှုတွေက ဖော်ပြပြီးသား ဖြစ်ပါတယ်။

Featured Photo: outdoorsradar