တော်တော်များများ အောက်ပိုင်းကစားတဲ့အခါ Gym က စက်တွေ ၊ အလေးတုံးတွေနဲ့ပဲ ကစားကြတာပါ။ တကယ်တော့ Resistance Band တစ်ချောင်းရှိရုံနဲ့လည်း အောက်ပိုင်း ကြွက်သားတွေ တောင့်တင်းကြံ့ခိုင်လာအောင် ကြုံးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ အောက်ပိုင်းတောင့်တောင့်ဖြောင့်ဖြောင့် ဘီးကျဲတစ်ယောက်ဖြစ်အောင် ကစားနိုင်မယ့် လေ့ကျင့်ခန်းနည်း အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Resistance Band Front Squat

Photo : Men’s Fitness

Squat ကိုမှ Resistance Band နဲ့ ကစားရမှာပါ။

အရင်ဆုံး ပခုံးအကျယ်အတိုင်း ခြေထောက်တွေကို ချဲပြီး Resistance Band ကိုနင်းကာ မတ်တပ်ရပ်ပါ။

ကျန်ကြိုးစ တစ်ဖက်ကို ပခုံးအပေါ် မေးစေ့အောက်နားမှာ တံတောင်ဆစ်ကို ရှေ့သို့ မျက်နှာမူပြီး ကိုင်ထားပါ။

ထို့နောက် ဒီပုံစံအတိုင်း ဒူးကို ကွေးချပြီး Squat ထိုင်ပါ။ အကြိမ် ၂၀ , ၃ ကျော့ ကစားပေးရပါမယ်။

(၂) Resistance Band Reverse Lunge

Photo : Men’s Fitness

ဒီလေ့ကျင့်ခန်းကတော့ Reverse Lunge ကို Resistance Band နဲ့ ကစားရမှာ ဖြစ်ပါတယ်။

အရင်ဆုံး မတ်တပ်ရပ်ပြီး ခြေဖဝါးတစ်ဖက်အောက်မှာ Resistance Band ကို နင်းထားကာ ကျန်ကြိုးစတစ်ဖက်ကိုတော့ လည်ပင်းမှာ ချိတ်ဆွဲထားရပါမယ်။

ထို့နောက် ကြိုးနင်းထားတဲ့ ဒူးကို ၉၀ ဒီဂရီကွေးညွှတ်ပြီး ကျန်ခြေထောက်တစ်ဖက်ကိုတော့ နောက်ဘက်သို့ နှိမ့်ချပေးရပါမယ်။

ပြီးရင် စတင်ခဲ့တဲ့ Position ကို ပြန်သွားပါ။

ခြေထောက်ကို ဘယ်ညာပြောင်းပြီး ကစားရပါမယ်။ အကြိမ် ၂၀ , ၃ ကျော့ ကစားပေးရပါမယ်။

(၃) Resistance Band Good Morning

Photo : Men’s Fitness

လွယ်ကူရိုးရှင်းတဲ့ Good Morning လေ့ကျင့်ခန်းက အားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်။

Resistance Band ကို ပခုံးအထက် လည်ပင်းမှာ ချိတ်ဆွဲထားပါ။ ကျန်ကြိုးရဲ့အစွန်းတစ်ဖက်ကိုတော့ ခြေထောက်နှစ်ဖက်နဲ့ စုံနင်းထားပါ။

လက်တွေက ကြိုးစကို ကိုင်ထားပြီး မတ်မတ်အနေအထား ရပ်ရပါမယ်။

ထို့နောက် တင်ပါးကိုနောက်သို့ အနည်းငယ် ပစ်ကာ ခန္ဓာကိုယ်ကို ၄၅ ဒီဂရီခန့် ရှေ့သို့ ကွေးညွှတ်ပေးပါ။

ကျောပြင်ဟာ ဦးခေါင်းကနေ တင်ပါးအထိ တဖြောင့်တည်းရှိနေရပါမယ်။

ဒီနည်းအတိုင်းကစားပေးပါ။

အကြိမ် ၂၀ , ၃ ကျော့ ကစားပေးရပါမယ်။

(၄) Resistance Band Kickback

Photo : Men’s Fitness

Kickback လေ့ကျင့်ခန်းကို Resistance Band နဲ့ ကစားရတာဖြစ်တဲ့အတွက် အောက်ပိုင်း ကြွက်သားတွေကို ပိုထိထိမိမိ ရှိစေပါတယ်။

အရင်ဆုံး ဒူးနှစ်ဖက်နဲ့ လက်ဖဝါးတို့ကို ကြမ်းပြင်ပေါ်မှာ လေးဘက်ထောက်အနေအထား ထောက်ပြီး ပုံစံယူပါ။

Resistance Band ကိုတော့ Kickback ကန်မယ့် ခြေထောက်ရဲ့ ခြေဖဝါးမှာ ချိတ်ထားပြီး ကျန်ကြိုးစားကို လက်နှစ်ဖက်နဲ့ ကြမ်းပြင်ပေါ်မှာ ဆုပ်ကိုင်ထားပါ။

ထို့နောက် ခြေထောက်ကို ဖြည်းဖြည်းချင်း နောက်ပြန်ဆန့်ထုတ်လိုက်ပြီး တင်ပါးနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ညှစ်ထားပါ။

ပြီးရင်တော့ စတင်ခဲ့တဲ့ မူလအနေအထားသို့ ပြန်သွားပါ။

ခြေထောက်ကို ဘယ်ညာပြောင်းလဲ ကစားရပါမယ်။

အကြိမ် ၂၀ , ၃ ကျော့ ကစားပေးရပါမယ်။

Featured Photo : Get Sweat Go