ကိုလံဘီယာ ဘောလုံးအသင်းရဲ့ အားအထားရဆုံး ကစားသမား တချိန်က ရီးယဲလ် မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ်တို့လို ကမ္ဘာ့ထိပ်သီး ကလပ်အသင်းကြီးတွေမှာ ပါဝင်ကစားခဲ့ရသူ ရုပ်ရည်အရလည်း အတော်လေး ကြည့်ကောင်းလာတဲ့ ဘောလုံးမင်းသာ ဂျိမ်းစ် ရိုဒရီဂွက်ဇ် ကတော့ အခုဆိုရင် ဥရောပ ဘောလုံးနယ်ပယ်ဆီကို ပြန်လည် ခြေချလာခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

လက်ရှိမှာ အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမားကြီး ဂျိမ်းစ် ရိုဒရီဂွက်ဇ် ဟာ ၂၀၀၆ခုနှစ်မှာပဲ ကိုလံဘီယာကလပ် အန်ဗီဂါဒိုအသင်းနဲ့အတူ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို စတင်ခဲ့ပြီး ၂၀၀၈မှာတော့ အာဂျင်တီးနားကလပ် ဘန်ဖီးလ်ကို ရောက်ခဲ့ပါတယ်။ ၂၀၁၀မှာတော့ ဂျိမ်းစ်က သူရဲ့ ကစားသမားဘဝကို အပြောင်းအလဲ ဖြစ်စေနိုင်မယ့် အပြောင်းအရွှေ့တစ်ခုအဖြစ် ပေါ်တိုအသင်းဆီ ရောက်လာခဲ့ပြီး ပေါ်တိုမှာ အရမ်း ခြေစွမ်းပြနိုင်ခဲ့လို့ မိုနာကိုအသင်းက ခေါ်ယူလိုက်ပါတယ်။

Photo Credit: The Seattle Times

အဲ့ဒီတုန်းကတော့ မိုနာကိုက ငွေကြေးများစွာ အသုံးပြုနိုင်တဲ့အချိန် ဖြစ်နေတာမို့ ဂျိမ်းစ် ရိုဒရီဂွက်ဇ် ကို ယူရို (၄၅)သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် တစ်ရာသီအကြာမှာပဲ ရီးယဲလ် မက်ဒရစ်က ထပ်မံ ခေါ်ယူခဲ့ပြန်ပါတယ်။ ရီးယဲလ်မှာတော့ ဆုဖလား အောင်မြင်မှုတွေ အမြောက်အများ ရရှိခဲ့သလို ဒဏ်ရာတွေလည်း ရရှိခဲ့ရာကနေ ဘိုင်ယန်ဆီ (၂)ရာသီ အငှားချခံရပါသေးတယ်။ ဘိုင်ယန်ကလည်း အငှားကနေ အပြီးသတ် မခေါ်တဲ့အချိန်မှာ အဲဗာတန်ဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့ရင်း အဲ့ဒီနောက်မှာတော့ ဂျိမ်းစ်ရဲ့ ကစားသမားဘဝက ကျဆင်းသွားခဲ့ရပြီး ကာတာကလပ် အယ်လ်ရေယန် ၊ ဂရိကလပ် အိုလံပီယာကော့စ်နဲ့ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုတွေအထိပါ ရောက်သွားခဲ့ပါတယ်။

Photo Credit: Zona Cero

၂၀၂၁ကနေ စတင်ပြီး ဥရောပ ဘောလုံးနယ်ပယ်နဲ့ အလှမ်းကွာသွားခဲ့တဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ် ဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာတော့ ကိုလံဘီယာကို ဖိုင်နယ်အထိ ပို့ဆောင်ပေးခဲ့သလို ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့ရတာကြောင့် သူ့ကို ဥရောပ ကလပ်တွေက စိတ်ဝင်စားလာခဲ့ရင်း ဂျိမ်းစ်ကိုယ်တိုင်ကလည်း ဥရောပ ကလပ်အသင်းတွေဆီ ပြန်လည် ပြောင်းရွှေ့လာပါတယ်။ နောက်ဆုံးမှာတော့ သူ့ကို လာလီဂါကလပ် ဗယ်လက်ကာနိုအသင်းက free transfer နဲ့ ခေါ်ယူလိုက်ပြီး ဂျိမ်းစ် ရိုဒရီဂွက်ဇ်လည်း လာလီဂါနဲ့ ဥရောပ ဘောလုံးဇာတ်ခုံမှာ ပြန်လည် ဖြတ်သန်းရတော့မှာပဲ ဖြစ်ပါတယ်။

Featured Photo: Rayo Vallecano’s X