သက်တမ်းအလိုက် အမျိုးသား အမျိုးသမီး စပိန်ဘောလုံးအသင်းတွေကတော့ အခုနှစ်အတွင်းမှာပဲ အောင်မြင်မှုတွေကို အဆက်မပြတ် ရယူထားနိုင်ခဲ့ပါတယ်။ လက်ရွေးစင်အသင်းကြီးကနေ ယူ-၁၉ အသင်းတွေအထိ အောင်မြင်မှုတွေကို ယူဆောင်ပြနေတာက စပိန် ဘောလုံးအတွက် ခမ်းနားတဲ့ အောင်မြင်မှုကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒါဆို ဒီနှစ်အတွင်းမှာ စပိန်တို့ ဘယ်ပြိုင်ပွဲတွေမှာ ဘယ်ဖလားတွေ ရယူနိုင်ခဲ့လဲဆိုတာ ကြည့်ရအောင်ဗျာ။

Photo Credit: Al Jazerra

ကနဦး ဖော်ပြပေးချင်တာကတော့ စပိန် လက်ရွေးစင်အသင်းရဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲ မတိုင်ခင် ဒီပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲ မပါဝင်ခဲ့တဲ့ စပိန်လက်ရွေးစင်အသင်းဟာ အီတလီ ခရိုအေးရှား အယ်လ်ဘေးနီးယားတို့ အသင်းတွေနဲ့ မရဏအုပ်စုမှာ အတူကျရောက်ခဲ့ရင်း အုပ်စုတွင်းမှာ ရာနှုန်းပြည့် နိုင်ပွဲပါ ရရှိခဲ့ပြီး ပေးဂိုးတောင် မရှိပဲနဲ့ အုပ်စုဗိုလ်နေရာနဲ့ ရှုံးထွက်ကို တက်လှမ်းခဲ့ပါတယ်။ (၁၆)သင်းမှာ ဂျော်ဂျီယာ ကွာတားမှာ အိမ်ရှင် ဂျာမနီ ဆီမီးမှာ ပြင်သစ်နဲ့ ဖိုင်နယ်မှာ အင်္ဂလန်တို့ကို ကျော်ဖြတ်ပြီး စပိန်က ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာခဲ့ပြီး ယူရိုဖလားကို (၄)ကြိမ်အထိပါ ပိုင်ဆိုင်ခဲ့ရင်း ပြိုင်ပွဲတစ်လျှောက် အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Photo Credit: UEFA.com

စပိန် လက်ရွေးစင်အသင်းနဲ့အပြိုင် စပိန်အမျိုးသမီး ယူ-၁၉အသင်းဟာလည်း ဒီရက်ပိုင်းအတွင်းမှာပဲ ကျင်းပပြီးစီးသွားခဲ့တဲ့ UEFA အမျိုးသမီး ယူ-၁၉ ယူရိုပြိုင်ပွဲမှာပါ နယ်သာလန် အမျိုးသမီး ယူ-၁၉အသင်းကို ဖိုင်နယ်မှာ အနိုင်ယူခဲ့ရင်း (၃)ကြိမ်ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့ရပါသေးတယ်။ အခုဆိုရင် စပိန် အမျိုးသမီး ယူ-၁၉အသင်းက UEFA အမျိုးသမီး ယူ-၁၉ ယူရိုပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက် ဂျာမနီ အမျိုးသမီး ယူ-၁၉အသင်းနဲ့အတူ အအောင်မြင်ဆုံး အသင်းတွေအဖြစ် ပူးတွဲ ရပ်တည်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit: UEFA.com

မနေ့က ကစားသွားခဲ့တဲ့ UEFA အမျိုးသား ယူ-၁၉ ယူရိုပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲမှာလည်း စပိန် ယူ-၁၉အသင်းက ပြင်သစ် ယူ-၁၉အသင်းကို အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့ရသလို ဒီပြိုင်ပွဲမှာလည်း ဆုဖလားပေါင်း (၁၂)လုံးနဲ့ အင်္ဂလန်ကို ကျော်ဖြတ်ကာ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

Featured Photo: UEFA U19 Euro