မန်ချက်စတာ စီးတီးအသင်းကို ဆုဖလားပေါင်းများစွာ ရယူပေးခဲ့ပြီး ဒီနှစ် ဘောလုံးရာသီမှာလည်း သမိုင်းဝင် အောင်မြင်မှုဖြစ်တဲ့ Treble Champions ပါ ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ နည်းပြ ပက် ဂွာဒီယိုလာ ဟာ လာမယ့် ၂၀၂၅ခုနှစ်မှာ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Premier League

အသက် (၅၂)နှစ်အရွယ် စပိန်လူမျိုး နာမည်ကျော် ဘောလုံးနည်းပြ ဂွာဒီယိုလာ ဟာ မန်စီးတီးအသင်းကို ၂၀၁၆ခုနှစ်ကတည်းက စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူရဲ့ စီးတီးနည်းပြဘဝ ပထမဆုံးရာသီမှာ ဘာအောင်မြင်မှုမှ မရခဲ့ပေမယ့် ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာတော့ ပြည်တွင်းဆုဖလား (၃)လုံးကို စတင် ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ၂၀၁၆ခုနှစ်ကနေ ၂၀၂၃ခုနှစ်အတွင်း စီးတီးအတွက် ပရီးမီးယားလိဂ် ဖလား (၅)လုံးကို ရယူပေးနိုင်ခဲ့ပြီး ၂၀၂၀-၂၀၂၁ မှာ အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ဖိုင်နယ်ကို ပထမဆုံးအကြိမ် ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့သလို ၂၀၂၂-၂၀၂၃ မှာလည်း ပထမဆုံးအကြိမ် ဗိုလ်စွဲအောင်ပါ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Marca

အခုဆိုရင် ဂွာဒီယိုလာ ဟာ မန်စီးတီးအသင်းနဲ့ လက်တွဲလာခဲ့တာ (၇)နှစ် ပြည့်ခါနီးပြီဖြစ်ပြီး အသင်းအတွက်ကိုလည်း ဥရောပ စူပါဖလား နဲ့ ကလပ် ကမ္ဘာ့ဖလားတို့သာ ရယူပေးနိုင်ခဲ့မယ်ဆိုရင် ဂွာဒီယိုလာရဲ့ စီးတီးနည်းပြဘဝ ဖြတ်သန်းမှုဟာ အားလုံး ပြီးပြည့်စုံသွားမှာ ဖြစ်ပါတယ်။ ဂွာဒီယိုလာ နဲ့ မန်စီးတီးအသင်းတို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကိုလည်း ချုပ်ဆိုထားခဲ့ရာ ဒီစာချုပ်သာ ပြည့်မြောက်သွားခဲ့မယ်ဆိုရင် ဂွာဒီယိုလာဘက်က ထပ်မံ သက်တမ်းမတိုးတော့ပဲ အသင်းကိုသာ ကျောခိုင်းသွားဖွယ် ရှိနေပါတယ်။

Photo Credit : SPORT

ဂွာဒီယိုလာက သူ့အသင်းဟောင်းတွေဖြစ်တဲ့ ဘာစီလိုနာကို (၄)နှစ် ကိုင်တွယ်ခဲ့သလို ဘိုင်ယန်မြူးနစ်ကိုလည်း (၃)နှစ်သာ ကိုင်တွယ်ခဲ့ပေမယ့် သူရဲ့ လက်ရှိကလပ် မန်စီးတီးကိုတော့ (၇)နှစ်နီးပါးအထိ ကိုင်တွယ်ထားနေပြီ ဖြစ်သလို တကယ်လို့ စာချုပ်သက်တမ်းအတိုင်းသာ ဆက်လက် တာဝန်ယူဖြစ်မယ်ဆိုရင်တော့ (၉)နှစ်အထိပါ ဖြစ်သွားနိုင်ပါတယ်။ ဂွာဒီယိုလာဟာ ဘာစီလိုနာ နဲ့ မန်စီးတီးအသင်းအတွက် တစ်ရာသီအတွင်းမှာ ဖလား (၃)လုံးကို (၂)ကြိမ်အထိ ရယူပေးနိုင်ခဲ့တဲ့ ဘောလုံးလောကရဲ့ တစ်ဦးတည်းသော နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။

Featured Photo : Evening Standard