မန်ယူအသင်းရဲ့ အာဂျင်တီးနား ခံစစ် ကစားသမား လီဆန်ဒရို မာတီနက်ဇ်ကတော့ ပြီးခဲ့တဲ့ လအတန်ကြာကတည်းက ရရှိထားခဲ့တဲ့ ခြေဖဝါး ဒဏ်ရာ အကင်းမသေသေးပဲ ဝေဒနာတွေ ထပ်မံ ခံစားလာရတာကြောင့် လအတန်ကြာလောက်အထိ အနားယူသွားရဦးမှာဖြစ်လို့ မန်ယူအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Goal

မန်ယူအသင်းက ဒီရာသီမှာ ကစားသမား အများအပြားနဲ့ အသင်းကို အသစ်ရောက်လာခဲ့တဲ့ ကစားသမားသစ်တွေ ဒဏ်ရာ ပြသာနာ ၊ ကြံခိုင်မှု ပြသာနာတွေနဲ့ လုံးပန်းနေရရင်း အသင်းရဲ့ စွမ်းဆောင်မှုတွေ ရလဒ်တွေလည်း ကျဆင်းခဲ့ရပါတယ်။ အခုနောက်ပိုင်းမှသာ ကွင်းလယ် တိုက်စစ်ပိုင်းက ကစားသမားတွေ ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန် အသင်းရဲ့ နောက်ခံ ကစားသမားတွေကတော့ ဒဏ်ရာ ဝဲဂယက်ထဲမှာသာ ရှိနေဆဲပါပဲ။

Photo Credit : United in focus

ဒီရာသီ မစတင်ခင်ကတည်းက အသင်းရဲ့ ဘယ်ခြမ်း ခံစစ်ပိုင်းက ကစားသမားတွေဖြစ်တဲ့ လုခ်ရှော မာလာစီယာတို့ ဒဏ်ရာ အသီးသီး ရရှိနေလို့ ဘယ်နောက်ခံ ကစားသမားသစ်တစ်ဦးကို မရရအောင် ရှာဖွေလိုက်ရတဲ့ မန်ယူက နောက်ဆုံးတော့ စပါး ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို အငှားနဲ့ ခေါ်ယူလိုက်နိုင်ပါတယ်။ အငှား ခေါ်ယူထားတဲ့ ကစားသမားလို့တောင် မထင်ရတဲ့ ရယ်ဂီလွန်ဟာ မန်ယူအတွက် အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသနိုင်ခဲ့ပေမယ့် လက်ရှိမှာ အသေးစား ဒဏ်ရာကြောင့် ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်ပွဲကို လွဲချော်မှာ ဖြစ်သလို The Athletic မှာတော့ ရယ်ဂီလွန်က နိုဝင်ဘာမှသာ ပြန်ကစားနိုင်မယ်လို့ ဖော်ပြထားပါသေးတယ်။

Photo Credit : The Independent

ဘယ်ခြမ်းမှာ ကစားသမား (၃)ဦးလုံး ဒဏ်ရာတွေ ရှိနေချိန် ဗဟိုခံစစ် နေရာက မာတီနက်ဇ်ကပါ ပြီးခဲ့တဲ့ ဧပြီလ ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ ရရှိခဲ့တဲ့ ခြေဖဝါးဒဏ်ရာကို အာဆင်နယ်နဲ့ ပွဲစဉ်မှာပါ ပြန်လည် ခံစားလာရတာကြောင့် Licha ခေါ် မာတီနက်ဇ်က လအတန်ကြာလောက်အထိ အနားယူသွားရဖို့ ရှိနေပြီး (၃)လဝန်းကျင်လောက်အထိ အနားယူရနိုင်တယ်လို့ The Athletic မှာ ဖော်ပြထားခဲ့ပါတယ်။

Featured Photo : Goal