ဖင်လန်လူမျိုး အီတလီ စီးရီးဘီကလပ် ဗင်နီဇီယာအသင်းရဲ့ တိုက်စစ်ကစားသမား ဂျိုရယ်လ် ပေါ့ရန်ပါလိုက စပီဇီယာ နဲ့ မိုဒီနာအသင်းတို့ရဲ့ လိဂ်ပွဲစဉ်အတွင်းမှာ တစ်ဦးတည်း သွင်းဂိုး (၄)ဂိုး သွင်းယူပြီးတဲ့နောက် သူ့အသင်းကို စီးရီးဘီက တန်းမဆင်းရအောင် ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Lega Serie B

ဗင်နီဇီယာအသင်းဆိုတာ မနှစ်က ဘောလုံးရာသီထဲ စီးရီးအေမှာ ကျင်လည်ခဲ့ရတဲ့ အီတလီ ကလပ်အသင်း ဖြစ်ပြီးတော့ မန်ယူနိုက်တက် ကစားသမားဟောင်း လူးဝစ် နာနီပါ ပါဝင်ကစားဖြစ်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက စီးရီးအေမှာ အဆင့်(၂၀)နဲ့ စီးရီးဘီဆီ တန်းဆင်းခဲ့ရတဲ့ ဗင်နီဇီယာဟာ စီးရီးဘီမှာပါ အခြေအနေ ဆိုးရွှားခဲ့ရပြီး တန်းဆင်းဇုန် အနီးတဝိုက်လောက်အထိပါ ရောက်ရှိခဲ့ရပါသေးတယ်။ ဒါပေမယ့် အသင်း တိုက်စစ်မှူး ပေါ့ရန်ပါလိုက အသင်းကို ဒီအခြေအနေကနေ အကောင်းဆုံး ကယ်တင်ပေးသွားခဲ့ပါတယ်။

Photo Credit : Twitter

ဗင်နီဇီယာက မိုဒီနာအသင်းကို (၅)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရတဲ့ ပွဲစဉ်မှာ ပေါ့ရန်ပါလို တစ်ဦးတည်းကပဲ သွင်းဂိုး (၄)ဂိုး သွင်းယူပြီး သူ့အသင်းကိုပါ တန်းဆင်းဇုန်နဲ့ ဝေးရာ နေရာအထိကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အခုတော့ ဗင်နီဇီယာက တန်းဆင်းဇုန်နဲ့ (၉)မှတ်အကွာ safe zone ထဲ ရောက်ရှိနေပြီဖြစ်ပြီး အသင်းရဲ့ hero ဖြစ်ခဲ့သူ ပေါ့ရန်ပါလိုဟာလည်း အသင်းကို အခုလို ကယ်တင်ခဲ့ပြီးနောက် ဘီယာတစ်ခွက်ကို သောက်ရင်းနဲ့ ပရိသတ်တွေနဲ့ အတူ အောင်ပွဲခံသွားခဲ့ပါတယ်။

Photo Credit : Gazzetta TV

ဗင်နီဇီယာ ပရိသတ်တွေကလည်း အသင်းကို တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ကယ်တင်ပေးခဲ့တဲ့ hero ကြီး ပေါ့ရန်ပါလိုကို မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းထက် ပိုကောင်းတဲ့ ကစားသမားလို့ပါ အမွှမ်းတင် ချီးကျူးနေကြပြီး သူတို့ရဲ့ ကစားသမားက သူတို့ရဲ့ GOAT တစ်ဦးပါလို့တောင် တင်စား သတ်မှတ်နေကြပါတယ်။ လက်ရှိမှာတော့ ပေါ့ရန်ပါလိုဟာ ဒီရာသီ စီးရီးဘီရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ကာဂလီယာရီ တိုက်စစ်မှူး လာပါဒူလာနဲ့အတူ ပူးတွဲ ရပ်တည်နေပါတယ်။

Featured Photo : Eurosport